ဂွာဒီယိုလာရဲ့ ရဲရင့်တဲ့ ဗျူဟာတွေကို ကြွေနေကြောင်း မန်စီးတီး တိုက်စစ်သမား ဂျူလီယန် အဲဗာရက်စ် ဖွင့်ဟ

မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဂျူလီယန် အဲဗာရက်စ် ကတော့ နည်းပြ ဂွာဒီယိုလာရဲ့ အလှည့်ကျ လူထုတ်ပုံကို အံ့အားသင့်နေပြီး ဂွာဒီယိုလာရဲ့ နည်းစနစ်က ကစားသမားတိုင်းကို အမြဲတမ်း နိုးကြားတက်ကြွနေစေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
လူစာရင်း အင်အားတောင့်တင်းမှုရှိတဲ့ မန်စီးတီးအသင်းဟာ ၎င်းတို့ရဲ့ ကစားသမားတွေကို အလှည့်ကျလူထုတ်ပုံနဲ့သာ ထည့်သွင်းအသုံးပြုနေပြီး ဒီဘရိုင်း၊ ဟာလန်းတို့လို အဓိက ကစားသမားတွေလောက်သာ ပုံမှန်စာရင်းထဲ ထည့်သွင်း အသုံးပြုနေတာ တွေ့ရပါတယ်။
အဲဗာရက်စ်ကတော့ မန်စီးတီးအသင်းထံ စရောက်ကတည်းက အမြဲတမ်း လိုလို လူစာရင်း အပြောင်းအလဲတွေနဲ့ ကစားနေရတာကြောင့် နည်းပြရဲ့ နည်းစနစ်အပေါ် အသားမကျဖြစ်ခဲ့ရပြီး လက်ရှိ အချိန်မှာတော့ ပါဝင်ခွင့်ရတဲ့ မိနစ်တိုင်းမှာ ခြေစွမ်းပြကစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
အဲဗာရက်စ်က “ ဒီကို မပြောင်းလာခင်ကတည်းက ဂွာဒီယိုလာရဲ့ အလုပ်လုပ်ပုံတွေကို ကျွန်တော် ကြိုတင် ကြားသိခဲ့ရပြီးသားပါ၊ ဒါပေမယ့် တကယ်လည်း ရောက်လာရော အသင်းရဲ့ အလှည့်ကျ လူထုတ်ပုံကြီးကို တကယ်ပဲ အံ့အားသင့်ခဲ့ရပါတယ်။
ပတ်က အမြဲတမ်းလိုလို တူညီတဲ့ ကစားသမားတွေကို နှစ်ပွဲဆက် အသုံးပြုလေ့မရှိပါဘူး၊ ခင်ဗျားအနေနဲ့ ပွဲတိုင်း ပါဝင်လိုနေတယ်ဆိုရင်တော့ ပါဝင်ခွင့်ရတဲ့ အချိန်လေးမှာ ရာနှုန်းပြည့် ခြေစွမ်းပြသနေဖို့ လိုအပ်နေပါလိမ့်မယ်၊ဒါက ကိုယ့်ကိုယ်ကိုလည်း အမြဲတမ်း နိုးကြားနေစေဖို့ အထောက်အကူပြုပါတယ် ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာရဲ့ အလှည့်ကျလူထုတ်ပုံစနစ်ဟာ မကြာခဏ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပြီး အထူးသဖြင့် ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်တုန်းက ပုံမှန်ပါဝင်ကစားခွင့်ရနေတဲ့ ကွင်းလယ်အဖျတ် ကစားသမား ဖာနန်ဒင်ဟိုကို အရံခုံပေါ်မှာ ထားရှိခဲ့မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အမှတ်ရနေကြဦးမှာပါ။
ဒါ့အပြင် ဘိုင်ယန်အသင်းနဲ့အတူ ၂၀၁၄ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်နဲ့ ထိပ်တိုက် ယှဉ်ပြိုင် ကစားခဲ့စဉ်က မထင်မှတ်ပဲ တိုက်စစ်အသားပြု ကစားခဲ့မှုကြောင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရဖူးပြီး ၂၀၂၀ ခုနှစ်တုန်းကလည်း လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ကွာတားပွဲစဉ်မှာ ကစားကွက်ပြောင်းလဲခဲ့မှုကြောင့် မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။