ပရီးမီးယားလိဂ်က မန်စီးတီးအသင်းအား ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်သွားနိုင်သလဲ

မန်စီးတီး အသင်းဟာ ၂၀၀၉ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေး စည်းမျဉ်း ၁ဝဝ ကျော်ကို ချိုးဖောက်တဲ့အတွက် ပရီးမီးယားလိဂ်က စွဲချက်တင်လိုက်ပြီ ဖြစ်ပြီး ပြစ်မှု ထင်ရှားနေရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရနိုင်ပါတယ်။

စွဲချက်တင်ခံလိုက်ရတဲ့ မန်စီးတီးအသင်းရဲ့ အကြောင်းက အားလုံးစိတ်ဝင်စားနေကြပါတယ်။ တကယ်လို့သာ မန်စီးတီးအနေနဲ့ ပြစ်ဒဏ်ပေးခံရမယ်ဆိုရင် ဘယ်လိုမျိုးတွေ ချမှတ်ခံရနိုင်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပရီးမီးယားလိဂ် ကနေ ထုတ်ပယ်ခံရနိုင်ခြင်း

၂၊ အမှတ်လျော့ ပြစ်ဒဏ် ခံရနိုင်ခြင်း

၃။ အပြောင်းအရွှေ့ ပိတ်ပင်ခံရနိုင်ခြင်း

၄။ အပြောင်းအရွှေ့ အသုံးစရိတ် သတ်မှတ်ခံရနိုင်ခြင်း

၅။ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဆုတံဆိပ်တွေကို ရုပ်သိမ်းခံရနိုင်ခြင်း တို့ ဖြစ်ပါတယ်။

တကယ်လို့ မန်စီးတီးအနေနဲ့ ပြစ်မှုကျုးလွန်ခဲ့တယ်ဆိုရင်တောင် နံပါတ် (၁) ပြစ်ဒဏ် ကျခံရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခြား ပြစ်ဒဏ်မျိုးတွေသာ ကျခံရဖို့ များပါတယ်။

ပြီးခဲ့တဲ့လ အတွင်းက ဂျူဗင်တပ်ဟာကစားသမားအပြောင်းအရွှေ့မှာ ငွေကြေးလိမ်လည်မှုတွေ ရှိခဲ့တယ်လို့ စစ်ဆေးခံရတာကြောင့် ရမှတ် ၁၅ မှတ်လျော့ခံရပါတယ်။ စုံစမ်း စစ်ဆေးဆဲ ကာလမို့ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ သေချာမပြောနိုင်သေးပါဘူး။

မန်စီးတီးအသင်းပိုင်ရှင်တွေဘက်က သူတို့အနေနဲ့ အမှားကျူးလွန်တာမျိုး မလုပ်ထားဘူးလို့ အခါခါ ပြောခဲ့သလို တရားရင်ဆိုင်ဖို့အတွက် အကောင်းဆုံး ရှေ့နေတွေ ငှားရမ်းသွားမှာလို့ ပြောထားပါတယ်။

၂၀၂၀ ခုနှစ်တုန်းကလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တယ်လို့ သတ်မှတ်ခံရပြီး ယူအီးအက်ဖ်အေက ၂ နှစ်ပွဲပယ် ချခဲ့ပေမယ့် အားကစားဆိုင်ရာ ခုံရုံးဖြစ်တဲ့ CAS မှာ အယူခံဝင်ကာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ အယူခံ ဝင်နိုင်မှာ မဟုတ်ဘဲ တခါတည်း ပြစ်မှု မမြောက်ကြောင်း ချေပရမှာ ဖြစ်ပြီး မန်စီးတီး လွတ်မြောက်သွားနိုင်မလား အားလုံးက စိတ်ဝင်စား စောင့်ကြည့်နေကြပါတယ်။