မန်စီးတီးက ဟာလန်း မပါမှ ပိုကောင်းတယ် ဆိုတဲ့ အပြောတွေ အပေါ် ကိုင်လီဝေါ်ကာ တုန့်ပြန်

မန်စီးတီး နောက်ခံလူ ကိုင်လီဝေါ်ကာ က စပါးကို ၁-ဝနဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှုး ဟာလန်းအပေါ် ဝေဖန်မှုတွေ များစွာခံနေကြတဲ့ အပေါ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၂၅ဂိုး သွင်းယူထားပေမယ့်လဲ စပါးနဲ့ပွဲမှာ ဘယ်လို အကျိုးသက်ရောက်မှုမှ မလုပ်ပေးနိုင်ခဲ့တဲ့နောက် မန်စီးတီးအသင်းမှာ ဟာလန်းရဲ့ နေရာ၊ တာဝန်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့တာပါ။

စပါးအသင်းမှ ရိုမဲရိုး၊ အဲရစ်ဒိုင်ယာ၊ ဘန်ဒေးဗီးစ်တို့ရဲ့ ခံစစ်ကြောင်းဟာ နော်ဝေတိုက်စစ်မှူးကို လုံးဝ ငြိမ်နေအောင် ထိန်းထားခဲ့ပြီး ဟူဂို လိုရစ်ရဲ့ ဂိုးပေါက်ကို စိန်ခေါ်ခွင့်မပေးခဲ့ပါဘူး။

ဒါကြောင့် ဟာလန်း အပေါ် ဝေဖန်မှု၊ မေးခွန်းထုတ်မှုတွေ များစွာ ရှိလာတာ ဖြစ်ပြီး မန်စီးတီး အသင်းဖော် ဝေါ်ကာ က ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဝေါ်ကာက “ဟာလန်းက အရမ်းကောင်းခဲ့တာပါ။ သူ ဂိုးတွေသွင်းပြီး ကျွန်တော်တို့ နိုင်နေတော့ ဘယ်သူမှ ဟာလန်း အကြောင်း မပြောကြဘူး။ အခု ရုတ်တရက် ဆိုသလို ကျွန်တော်တို့မနိုင်တာ ဒါမှမဟုတ် သူဂိုးမသွင်းတဲ့အခါ ပြဿနာဖြစ်လာတယ်။

သူ မပါရင် ကျွန်တော်တို့ ပိုကောင်းကောင်း ကစားလို့လား။ သူ ဒီရာသီမှာ ၂၅ဂိုးရထားတော့ ဘယ်သူမှ စောဒက မတက်ကြဘူး။ သူက သိပ်တော်တဲ့ ကစားသမား တစ်ယောက်ပါ”လို့ ပြောဆိုခဲ့ပါတယ်။

မနှစ်က အချက်အလက်တွေနဲ့ယှဉ်ရင် မန်စီးတီးဟာ အခုချိန်မှာ ဂိုးအရေအတွက် အတိအကျတူတဲ့ ၅၃ဂိုး ပမာဏကို ရရှိထားတာ ဖြစ်သလို ဟာလန်းဟာ စီးတီးတိုက်စစ်ကို တိုးတက်မလာစေခဲ့သေးဘူး ဖြစ်နေပါတယ်။