ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေဆဲ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ လာမယ့် ပွဲစဉ် ၅ ပွဲ အား နှိုင်းယှဉ်မှု

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဆင်နယ်က အဲဗာတန်ကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့သလို မန်စီးတီးကလည်း စပါးကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်သင်းကြား အမှတ်ကွာဟချက်က ၅မှတ် သာ ဆက်ရှိနေဆဲပါ။

အဲဗာတန်ကို ရှုံးပွဲဟာ စက်တင်ဘာ ၂၀၂၂ တုန်းက ယူနိုက်တက်ကို ရှုံးပြီးနောက်ပိုင်း ၁၃ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်ရဲ့ ပထမဆုံး လိဂ်ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ပွဲပို ကစားထားတဲ့ စီးတီးကတော့ ဇန်နဝါရီတုန်းက ယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးခဲ့တာ အပါအဝင် လိဂ် နောက်ဆုံး၄ပွဲမှာ ၂ပွဲ ရှုံးနိမ့်ခဲ့တာပါ။

အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်တိုက် မတွေ့ရသေးပါဘူး။ နှစ်သင်းလုံးက ဖလားပြိုင်ဆိုင်မှုမှာ အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ပွဲစဉ်တွေအဖြစ် အိမ်ကွင်းကော အဝေးကွင်းမှာပါ ယှဉ်ပြိုင်ရဖို့ ကျန်ရှိနေပါတယ်။

မန်စီးတီးကြောင့် အက်ဖ်အေဖလားကနေ ထွက်လိုက်ရပြီး အဲဗာတန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အာဆင်နယ်ဟာ ဖေဖော်ဝါရီ ၁၆မှာ စီတီဇန်တွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။

အဲ့ဒီ့မတိုင်ခင် ဂန်းနားတွေဟာ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ တွေ့ရမှာဖြစ်ပြီး အက်စ်တွန်ဗီလာ၊ လက်စတာတို့နဲ့ ကစားဖို့လဲ ရှိနေပါသေးတယ်။ အာဆင်နယ်ဟာ မတ်လ ၁ရက်နေ့ အမ်းမရိတ်စ်ကွင်းမှာ အဲဗာတန်နဲ့တွေ့တဲ့အခါ ပြန်ပြီး လက်စားချေဖို့ မျှော်လင့်နေမှာလဲ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဖေဖော်ဝါရီ ၁၂ ရက် အက်စ်တွန်ဗီလာနဲ့ တွေ့ရမှာဖြစ်ပြီး ၁၆ရက်နေ့မှာ ဂန်းနားတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ နောက်လာမယ့် ၅ပွဲအတွင်း လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ပါဝင်နေသလို အဲ့မတိုင်ခင် နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ကစားရမှာပါ။ ဖေဖော်ဝါရီလ နောက်ဆုံးပွဲစဉ်ကိုတော့ ဘုန်းမောက်ကို အဝေးကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။