ဇန်နဝါရီမှာ အာဆင်နယ်အသင်း ခေါ်ဖို့ ချိတ်ဆက်နေတဲ့တဲ့ ခံစစ်မှူးများ
ခံစစ်မှာ အာဆင်နယ်အသင်းကို နှစ်စဉ်နှစ်တိုင်း ဒုက္ခပေးနေတာလည်း ဒဏ်ရာပြသာနာတစ်ခုဖြစ်ပြီး အဆိုပါ ပြသာနာကြောင့် အာဆင်နယ် အသင်းဟာ ယခုလိုဆောင်းရာသီပွဲကျပ်ကာလမှာ ရမှတ် တော်တော်များများ ဆုံးရှုံးခဲ့ရပါတယ်။
ယိုယွင်းနေတဲ့ နောက်တန်းကို ပြန်လည်ပြုပြင်ဖို့အတွက် အာတီတာဟာ အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားပြီး ဒီ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူးတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁) အူပါမီကာနို (လိုက်ပ်ဇစ်)
ဒီကစားသမားကိုတော့ ယခင်နည်းပြဟောင်း အူနိုင်းအမ်မရီလက်ထက်ကတည်းက စိတ်ဝင်စားနေတာပါ။ လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုအတွက် ယခင်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၆၀ လောက်ဖြစ်တာကြောင့် အာဆင်နယ်အသင်းက လက်ရှောင်ခဲ့တာဖြစ်ပါတယ်။
အူပါမီကာနိုကို အာဆင်နယ်အသင်းသာမက မန်စီးတီး၊ စပါးစ်အစရှိတဲ့ ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေသည့်အပြင် ကစားသမား ကိုယ်တိုင်ကလည်း အပြောင်းအရွှေ့လုပ်ဖို့အတွက် စိတ်ဝင်စားနေပါတယ်။ အူပါမီကာနိုရဲ့ လိုက်ပ်ဇစ်နဲ့ စာချုပ်သက်တမ်းဟာ ၁၈ လလောက် ကျန်သေးပေမယ့် စိတ်မချရတာကြောင့် လပ်ဇစ်ဘက်က ပေါင်သန်း ၄၀ လောက်နဲ့ ထုတ်ရောင်းဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်အသင်းသာ ငွေနိုင်နိုင်သုံးစွဲခဲ့မယ်ဆိုရင်တော့ အူပါမီကာနိုကို အာဆယ်နယ် ဂျာစီနဲ့ မြင်တွေ့ရမှာပါ။
၂) နာသန် အာကီ (ဘုန်းမောက်)
နယ်သာလန် ကစားသမား အာကီဟာ ဘုန်းမောက်အသင်းမှာ အတော်လေးခြေစွမ်းပြနေပြီး မန်ချက်စတာစီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ကပင် စိတ်ဝင်စားနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၁၇ ခုနှစ်မှာ အာကီကို ဘုန်းမောက်ထံရောင်းချခဲ့ပေမယ့် စာချုပ်ထဲမှာတော့ ပေါင်သန်း ၄၀ ဖြင့် ပြန်လည်ခေါ်ယူခွင့် ကို ထည့်သွင်းချုပ်ဆိုထားတာကြောင့် ချယ်လ်ဆီးကို ပြန်ရောက်သွားနိုင်ဖို့ အလားအလာရှိနေပါတယ်။ ဘုန်းမောက် ကတော့ အာကီကို ပေါင် ၄၅သန်း လောက်ရရင် လက်လွှတ်သွားဖို့ ဆန္ဒရှိနေပါတယ်။
၃) ဂျိုနသန် တက်ခ်ျ (လေဗာကူဆင်)
လေဗာကူဆင်အသင်းရဲ့ အမာခံ ကစားသမား တက်ခ်ျဟာ ဗဟိုခံစစ်နေရာတွင်သာမက ညာတောင်ပံတွင်လည်း ကစားနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒီရာသီမှာ လေဗာကူဆင်အသင်းအတွက် ၈ ပွဲပါဝင်ကစားခွင့်ရရှိခဲ့ပြီး လေဗာကူဆင်ရဲ့ ခံစစ်ဟာလည်း ယခုရာသီမှာ ပေးဂိုးအနည်းဆုံး ၅ သင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။
တက်ခ်ျက အရပ်အမောင်းကောင်းပြီး နောက်တန်းမှာ ပါဝါအပြည့်နဲ့ ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အာဆင်နယ်အသင်းနဲ့ လိုက်ဖက်မှုရှိပါတယ်။ လေဗာကူဆင်ရဲ့ ကစားကွက်အရ နောက်တန်း ၃ ယောက် တန်းမှာ တက်ခ်ျဟာ ညာအစွန်မှာ ကစားရတာဖြစ်ပြီး တိကျသည့် ပေးပို့မှု နှင့်အတူ အမြင်ရှိသည့် ကစားသမားဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်တန်ကြေးအရ တက်ခ်ျရဲ့ ပြောင်းရွှေ့ကြေးဟာ အနည်းဆုံး ယူရို ၃၇ သန်းလောက်ရှိပါတယ်။
လက်ရှိအာဆင်နယ်အသင်းမှာ နောက်ခံလူတွေဖြစ်ကြတဲ့ တယ်နေး၊ ဘယ်လာရင် နှင့် ချိန်ဘာတို့ဟာ ဒဏ်ရာပြသာနာများနှင့်ရင်ဆိုင်နေရပြီး ရော့်ဘ်ဟိုးဒင်းမှ ဒဏ်ရာမှ ပြန်လည်သက်သာလာသော်လည်း ကြံ့ခိုင်မှုမပြည့်ဝသည့်အတွက်ကြောင့် အချိန်တစ်ခုရောက်မှ ပြန်လည်ကစားပေးနိုင်ဖွယ်ရှိပါတယ်။ ယခုရာသီရဲ့ အာဆင်နယ်အသင်းခံစစ်ဟာ အတော်လေးယိုယွင်းနေပြီး ပေးဂိုး ၃၀လောက်ထိ ခွင့်ပြုထားရတာကြောင့် ကြီး (၆) ကြီးစာရင်းမှာ အင်အားအနည်းဆုံးနောက်တန်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ကယ်လန်ချိမ်ဘာဟာ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် ချိန်ဘာဟာ လက်ကျန်ရာသီဝက်တစ်ခုလုံးကို အနားယူရတော့မယ်လို့ အတည်ပြု ဆေးစစ်ချက် ထွက်လာပါတယ်။