မန်စီးတီး ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်တယ် ဆိုတဲ့ အမှုက အဖြေထွက်ဖို့ ဘယ်လောက် ကြာနိုင်သလဲ

ပရီးမီးယားလိဂ် ဘောလုံးလောကအတွင်း အမှုအခင်းများစွာမှာ လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဝါရင့်ရှေ့နေကြီး ဒီမာကိုက မန်စီးတီး အပေါ် စွပ်စွဲထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာစွဲချက်တွေနဲ့ပတ်သက်လို့ အပြီးသတ် အမိန့်က ဘယ်လောက်ကြာမှ ထွက်နိုင်မလဲ ဆိုတာ သုံးသပ်လိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လေးနှစ်ကျော်ကြာ စုံစမ်းစစ်ဆေးမှုတစ်ခုအပြီး မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲချက် ၁၀၀ ကျော်နဲ့ ရင်ဆိုင်လာရပြီး လွတ်လပ်တဲ့ကော်မရှင်တစ်ခုရှေ့မှောက်မှာ ကြားနာမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်စည်းမျဉ်းစည်းကမ်းတွေကို မန်စီးတီးက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ချိုးဖောက်ခဲ့တယ် ဆိုတဲ့ တွေ့ရှိချက်တွေ အပေါ် အခြေခံပြီး အခုစွပ်စွဲချက်တွေ ပေါ်ပေါက်လာခဲ့တာပါ။

ဝါရင့်ရှေ့နေကြီးဒီမာကိုက “ဒါဘီကောင်တီ၊ ရှက်ဖီးဝက်နက်စ်ဒေးတို့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာ အမှုအခင်းတွေ အတွက် လိုက်ပါဆောင်ရွက်ဖူးပါတယ်။ ဒီအမှုနှစ်မှုလုံးမှာ စွဲချက်တင်အမိန့်ချမှတ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရသလို အပြီးသတ်အမိန့်ချဖို့မှာ နောက်ထပ်တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပါတယ်။

မန်စီးတီးရဲ့ ၁၁၅ မှုအတွက်ဆိုရင်တော့ အချိန်အကြာကြီးယူမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အံ့သြမိမှာ မဟုတ်ဘူး”လို့ The Times သတင်းဌာနနဲ့ တွေ့ဆုံချိန် ပြောပါတယ်။

မန်စီးတီးကတော့ ပရီးမီးယားလိဂ်ရဲ့စုံစမ်းစစ်ဆေးမှုရလဒ်အပေါ် အံ့အားသင့်မိသလို အမှားအယွင်းတစုံတခုမျှ မလုပ်ဆောင်ခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

နည်းပြ ပက်ဂွါဒီယိုလာရဲ့ အသင်းက လာမယ့်တနင်္ဂနွေနေ့၊ အယ်တီဟတ်ကွင်းမှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။