ဗီလာနဲ့ ပွဲမှာ ဂွာဒီယိုလာ မြင်ချင်တဲ့ မြင်ကွင်းမျိုး မြင်ရနိုင်တယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်း ထုတ်မှု

မန်ချက်စတာစီးတီးအသင်းဟာ ဒီတပတ်မှာ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ရာသီအစမှာတုန်းက မန်ချက်စတာ စီးတီး ပွဲတွေဆိုရင် ကျနော်က မျက်လုံးမှိတ်ပြီးတောင် ခန့်မှန်းနိုင်တယ်လို့ ခံစားရတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။
ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အပတ်က စပါးကို ရှုံးသွားတာကြောင့် အာဆင်နယ်ကို ဖိအားကြီး ပေးနိုင်မယ့် အခွင့်အရေး လက်လွှတ်သွားတယ်။
သူတို့ ဒီရာသီ ခြေစွမ်းကျတာက လီဗာပူးနဲ့ တစ်တန်းတည်းတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို ကြည့်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြ၊ အခြေအနေကို လုံးဝ ပြောင်းလဲနိုင်မလား မေးခွန်းထုတ်နေမိတယ်။
အာလင်း ဟာလန်းက မန်စီးတီးကို ပိုကောင်းစေလား ပို ဆိုးစေသလား ဆိုတာက ကောင်းမွန်တဲ့ စကားစစ်ထိုးမှုပါ။ ဒါပေမယ့် သူက ပြသနာလို့ ကျနော်တော့ မမြင်ဘူး။ သူ့နားက စီးတီး ကစားသမားတွေ အများကြီး ခြေစွမ်း ကျနေတာကို မြင်ကြမှာပါ။ အသင်းက ခါတိုင်းလို အရှိန်နဲ့ မကစားနိုင်ဘူး၊ ခါတိုင်းလို passing တွေ မလုပ်နိုင်ဘူး။
ဒါပေမယ့် သူတို့ အက်စတွန်ဗီလာ ကို အနိုင်ယူလိမ့်မယ်လို့ ကျနော် ထင်တယ်။ ဟာလန်းလည်း ဂိုးသွင်းမယ် လို့ ယုံတယ်။ တော်တော်လည်း အားထုတ်ရမယ် ထင်တယ်။ အူနိုင်း အမ်မရီရဲ့ အသင်းတွေဟာ ဘယ်လောက် ဖြိုခွဲရ ခက်တယ် ဆိုတာ ကျနော်တို့ သိတာပဲ။ သူတို့ကလည်း ပြန် ခြိမ်းခြောက်နိုင်လိမ့်မယ်။
မန်စီးတီးကို အကူအညီ ဖြစ်စေမှာက သူတို့ ပရိသတ်တွေက အသင်းကို ကာကွယ်ပေစချင်တဲ့ mood ဝင်နေမှာပါ။ ပရီးမီးယားလိဂ်ရဲ့ စွဲချက် ၁ဝဝ ကျော် ရင်ဆိုင်ရမယ့် အသင်း အတွက် ရပ်တည်ပေးချင် နေပါမယ်။
ဒါက အီတီဟက် ကွင်းမှာ စိတ်ဓာတ်ပိုင်း မာကျောအောင် တွန်းအားတစ်ရပ်လည်း ဖြစ်လာစေနိုင်ပြီး ဂွာဒီယိုလာ တောင်းဆိုနေတဲ့ အသက်ဝင်မှုမျိုး မြင်လာရနိုင်ပါတယ်။ အဝတ်လဲခန်းမှာလည်း အဲဒီလိုပဲ။ အားလုံးက သူတို့ကို ဆန့်ကျင်နေကြပြီ ခံစားလာရရင် သူတို့တွေ စည်းလုံးပြီး ပေါက်ကွဲပြနိုင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်က မန်စီးတီး ၂-ဝ အက်စတွန်ဗီလာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။