မန်စီးတီးကို ကွင်းထဲမှာ မနိုင်လို့ ကွင်းပြင်ကနေ ကန်ထုတ်ဖို့ ကြိုးစားခဲ့၊ ကြိုးစားနေတဲ့ အသင်းတွေကို ပက် ဖော်ထုတ်
ပက် ဂွါဒီယိုလာ က အသင်းကြီး ပြိုင်ဘက်တွေ ဖြစ်တဲ့ လီဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်တို့လ အသင်းတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်က မန်စီးတီးကို ချန်ပီယံလိဂ်ကနေ ကန်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ အသင်း ၉ သင်းထဲမှာ ပါဝင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အားကစား ခုံသမာဓိကရုံးအထိ အယူခံဝင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်မှာ ဥရောပ ပြိုင်ပွဲတွေမှာ ၂ နှစ်ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခခဲ့ရသေးပြီး အဲဒီနောက် အယူခံဝင်ရာမှာ ပြစ်ဒဏ်ကို ပယ်ဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးရဲ့ ဥရောပပြိုင်ပွဲကစားခွင့် ပိတ်ပင်တဲ့ဆုံးဖြတ်ချက်ဟာ ပြန်လည် ပြင်ဆင်ပေးခြင်းခံခဲ့ရပြီး ဒဏ်ငွေ ကိုလည်း ယူရို ၁၀ သန်းအထိ လျှော့ချပေးခဲ့တာပါ။

ဒီတကြိမ်မှာတော့ မန်စီးတီးဟာ ဘဏ္ဍာရေး စည်းမျဉ်း ၁၀၁ ခုအထိ ချိုးဖောက်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခြင်းခံခဲ့ရပြီး နောက်ထပ်တစ်ကြိမ် အကြပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဂွါဒီယိုလာက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ စွဲချက်တွေနဲ့ပတ်သက်ပြီး အခိုင်အမာ တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အင်္ဂလိပ်ပြိုင်ဘက် ၉ သင်းက ၎င်းတို့ကို ချန်ပီယံလိဂ်လိဂ်ကနေ ကန်ထုတ်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ကို ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်တာကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ဘန်လေ၊ ဝုလ်ဗ်စ်၊ လက်စတာ၊ နယူးကာဆယ်လ်၊ စပါးစ်၊ အာဆင်နယ်၊ မန်ယူနိုက်တက်၊ လီဗာပူးလ်၊ ချဲလ်ဆီး ၉ သင်းက ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို လိုချင်လို့ ကျွန်တော်တို့ကို ချန်ပီယံလိဂ်ကနေ ကန်ထုတ်ဖို့ လုပ်ခဲ့သေးတယ်။ ရန်သူရော မိတ်ဆွေပါမရှိဘဲ အကျိုးစီးပွားသာ ရှိတယ် ဆိုတဲ့ စကားရှိပါတယ်”

“သူတို့တွေက ကျွန်တော်တို့ ကွင်းထဲမှာ အနိုင်ရရှိခဲ့တဲ့ နေရာကို ရယူချင်ခဲ့တာပါ။ သူတို့တွေ ပြောတာက ‘ခင်ဗျား ချန်ပီယံလိဂ်ကနေ ထွက်ရမယ်။ ခင်ဗျား ပထမတန်း ဒါမှမဟုတ် ဒုတိယတန်း ဒါမှမဟုတ် ကွန်းဖရင့်ကို သွားရမှာ ဖြစ်ကောင်း ဖြစ်နိုင်တယ်’တဲ့။
ကျွန်တော်တို့ ပိုပြီးနိမ့်ကျတဲ့ လိဂ်မှာ ကစားခဲ့ဖူးပြီးသားပါ။ ကျွန်တော်တို့ အဲဒီကို ပြန်သွားရလည်း ပြဿနာမရှိဘူး။ ဖြစ်ခဲ့ရင်ပြောတာပါ။ ကျွန်တော်တို့ ပေါလ် ဒစ်ကော့ဗ်နဲ့ မိုက်ခ် ဆမ်းမားဘီး(မန်စီးတီးကစားသမားဟောင်းများ)တို့ကို ခေါ်ပြီး နောက်ထပ်တစ်ကြိမ် တန်းပြန်တက်ရအောင် လုပ်မယ်။ ဒါပေမယ့် သူတို့တွေ စောင့်ဆိုင်းရပါမယ်။
ပရီးမီးယားလိဂ်က စွဲချက်တင်ထားပေမယ့် သူတို့တွေ စောင့်ဆိုင်းရမှာပါ။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ကာကွယ်သွားမှာဖြစ်ပြီး ယူအီးအက်ဖ်အေနဲ့တုန်းက အတိုင်းပေါ့”
“တနင်္လာနေ့ကတည်းက ဖြစ်ပျက်ခဲ့တာတွေက ယူအီးအက်ဖ်အေနဲ့တုန်းက ဖြစ်ခဲ့တာတွေနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ ပြစ်တင်ရှုတ်ချခံခဲ့ရပြီးပါပြီ။ ပရီးမီးယားလိဂ်က ၁၉ သင်းက ကျွန်တော်တို့မှာ ခုခံကာကွယ်နိုင်စွမ်းမရှိဘဲ စွပ်စွဲနေတယ် ဆိုတာကို ခင်ဗျား နားလည်ထားရပါမယ်။ ကျွန်တော်တို့က အပြစ်ကင်းစင်လိမ့်မယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်”လို့ ဂွါဒီယိုလာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။
