ဂျရတ် ချော်လဲတာ ကျနော်တို့နဲ့ ဆိုင်လား၊ မန်စီးတီးက ဖလားပြန်လွှဲပေးစရာလား လို့ ဂွာဒီယိုလာ ပြောဆို

ဘဏ္ဍာရေး စည်းမျဉ်း ကိစ္စ ပရီးမီးယားလိဂ်ရဲ့ စုံစမ်း စစ်ဆေးမှုတွေကနေ ဘယ်လိုရလဒ်ပဲ ထွက်ပေါ်လာပါစေ မန်စီးတီး ရရှိထားတဲ့ ဆုဖလားတွေကို ဘယ်သူကမှ လွှဲပြောင်းရယူနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

လက်ရှိမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွကေို ချိုးဖောက်မှု စွဲချက် ၁၀၀ ကျော်နဲ့ ရင်ဆိုင် နေရပါတယ်။

ဒီစွဲချက်တွေအရ လွတ်လပ်တဲ့ ကော်မရှင်တစ်ခုရဲ့အောက်မှာ စစ်ဆေးဆုံးဖြတ်မှု ခံယူပြီး ပြစ်မှုထင်ရှားခဲ့ရင် အမှတ်လျှော့ ပြစ်ဒဏ်၊ တန်းဆင်းရမယ့် ပြစ်ဒဏ်တွေအပြင် ရရှိထားတဲ့ ဆုဖလားတွေကို ပြန်လည်လက်လွှတ်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်နေခဲ့ပါတယ်။

ဒါကြောင့်လည်း နည်းပြဂွာဒီယိုလာက သူယူပေးထားတဲ့ ဆုဖလားတွေအပါအဝင် ရှိတ်မန်ဆော်နဲ့ Abu Dhabi United Group တို့ မန်ချက်စတာစီးတီးကို လွှဲပြောင်းရယူခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး အမှတ်ပေးဖလား ၆ လုံးနဲ့ အခြား ဆုဖလား တွေကို လွှဲပြောင်းပေးရမယ့်အဖြစ်မျိုးက ဘယ်နည်းနဲ့မှ မဖြစ်ဘူးလို့ အခိုင်အမာပြောဆို လိုက်ပါတယ်။

အဆိုပါ ဆုဖလားကိစ္စနဲ့ ပတ်သက်လို့ ဗီလာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက –

” အဲဒီအချိန်တွေကို ကျွန်တော်တို့ ပိုင်ပါတယ်။ သူတို့တွေ ဘယ်လို စီရင်ချက်မျိုးတွေကိုချချ အဲဒီဆုဖလားတွေဟာ ကျွန်တော်တို့နဲ့ပဲ လုံးဝကို သက်ဆိုင်တဲ့ အရာတွေပါ။

၂၀၁၂ တုန်းက အဂူရိုရဲ့သွင်းဂိုးက ကျွန်တော်တို့နဲ့ပဲ သက်ဆိုင်ပါတယ်။ အန်ဖီးလ်မှာ စတီဗင်ဂျရတ် ချော်လဲတာက ကျွန်တော်တို့ တာဝန်ယူပေးရမှာလား။

ဒါက ကျွန်တော်တို့နဲ့ ဆိုင်လားတော့ မသိပါဘူး။ သူအဲ့လို ချော်လဲတာ ကျွန်တော်တို့ အမှားမဟုတ်ဘူးလေဗျာ။ စတီဗင် ဂျရတ်ကို ကျွန်တော်လေးစားမှု ရှိပါတယ်၊ ဒါပေမယ့် အဲဒီအခိုက်အတန့်တွေက ကျွန်တော်တို့ ပိုင်ဆိုင်တာတွေပါ။

အဲဒီနှစ်တွေအတွင်း ကျွန်တော်တို့တွေ အားထုတ်ကြိုးစားခဲ့တာတွေနဲ့ ပတ်သက်လို့ ပရီးမီးယားလိဂ်က ဆုံးဖြတ် ပါလိမ့်မယ်၊ အဲ့ဒီနှစ်တွေမှာ ကျွန်တော်တို့တွေ ဘယ်လိုနည်းနဲ့ အနိုင်ယူခဲ့သလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။

ဒါတွေက ကျွန်တော်တို့တွေရဲ့ အသင်းလိုက် အားထုတ်မှုတွေကရရှိခဲ့တဲ့ အောင်မြင်မှုတွေပါ။ ၂၀၀၉ နဲ့ ၂၀၁၀ မှာ ဖြစ်ပျက်ခဲ့တာတွေက တစက္ကန့်လေးမှတောင် ပြောင်းလဲမှာမဟုတ်ဘူး” လို့ ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ပြောနိုင်တာက အသင်းကို အောင်မြင်မှုတွေရအောင် လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်ပေးခဲ့ အသင်းပိုင်ရှင်တွေ အတွက် ဂုဏ်ယူပါတယ်။

အသင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ဥက္ကဌနဲ့ အတူ ကျွန်တော်တို့ တည်ဆောက်ခဲ့ကြတဲ့ အချိန်တွေ ဟာလည်း ကောင်းမွန်တဲ့ အရာတွေဖြစ်ပါတယ်။ ” လို့ သူက ထပ်ပြောခဲ့ပါတယ်။

မန်စီးတီးကို အရေးယူမယ့် သတင်းတွေကလည်း ဆက်တိုက်ထွက်ပေါ်လာနေသလို ပရီမီးယားလိဂ်ရဲ့ အသင်းကြီး တွေကပါ နောက်ကွယ်က ပါဝင်နေတယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေပါတယ်။