ဗီလာ ပွဲမှာ လူစားလဲလိုက်ရတဲ့ တိုက်စစ်မှုး ဟာလန်း အခြေအနေကို ပက် ဂွာဒီယိုလာ ထုတ်ဖော် ပြောဆို

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက အာလင်းဟာလန်းဟာ ဒဏ်ရာ ရရှိနေခြင်းမရှိပေမယ့် အာဆင်နယ်နဲ့ ကြားရက် ပွဲမတိုင်ခင် စစ်ဆေးမှုတွေ ပြုလုပ်သွားရမယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၂နှစ်အရွယ် တိုက်စစ်မှုး ဟာ ယမန်နေ့ည ဗီလာကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာတင် ရူဘင်ဒီယက်စ်နဲ့အတူ လူစားလဲခံခဲ့ရပါတယ်။

ဒဏ်ရာသာ ရမယ်ဆိုရင် စီးတီးအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမှာ ဖြစ်ပေမယ့် ဂွါဒီယိုလာက အသင်းရဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးပြီးမှ နော်ဝေသားကို လဲလိုက်တာဖြစ်ပြီး ဂိုးသာမပြတ်ဘူးဆိုရင် ဆက်ထည့်ထားမှာပါလို့ အတည်ပြုခဲ့ပါတယ်။

ဂွါဒီယိုလာက “ရူဘင်ဒီယက်စ်က အဝါကတ်ထိနေလို့ လဲလိုက်တာပါ။ ဟာလန်းကတော့ အကန်ခံထားရလို့ လဲလိုက်တာ ဖြစ်ပြီး သူ ဘယ်လိုနေလဲဆိုတာ လာမယ့်ရက်တွေမှာ စစ်ဆေးသွားမှာပါ”

“တကယ်လို့ ဂိုးသာမပြတ်သူးဆိုရင် ကျွန်တော် သူ့ကို အစောကြီး လဲလိုက်မှာ မဟုတ်ပါဘူး။ သူ ဒဏ်ရာမရနေပေမယ့် မနက်ဖြန်မှာ စစ်ဆေးရပါဦးမယ်။ သူ ဗုဒ္ဓဟူးညအတွက် အသင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ စွန့်စားရမယ့် အခြေအနေမျိုးဆိုရင် သူ့ကိုထည့်ကန်မှာ မဟုတ်ပါဘူး”

“ပထမပိုင်းအပြီးမှာ ကျွန်တော် ဆရာဝန်တွေနဲ့ စကားပြောခဲ့ပြီး ၃ဂိုးနဲ့နိုင်နေတဲ့အချိန် သူ့ကို လဲလိုက်တာက စွန့်စားရာ မကျပါဘူးလို့ ပြောတာကြောင့် ကျွန်တော် သဘောတူခဲ့ပါတယ်။ တကယ်လို့ ရလဒ်သာ တစ်မျိုး ဖြစ်နေမယ် ဆိုရင် ကျွန်တော် မလဲပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက စီးတီးအနေနဲ့ ဟာလန်းကိုသာ ဂိုးသွင်းခွင့်ပိုပြီး ဖန်တီးပေးနိင်ရင် အသင်းက ပို ကောင်းလာမယ် လို့ ယုံကြည်နေပါတယ်။ ဟာလန်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ သွင်းဂိုး၂၅ဂိုးနဲ့အတူ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေပါတယ်။

မန်စီးတီး အသင်းဟာ ဗုဒ္ဓဟူးည အာဆင်နယ်ကိုသာ အနိုင်ယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ဇယားထိပ်မှာ ပြန်လည် ဦးဆောင် သွားနိုင်တော့မှာ ဖြစ်ပါတယ်။