ဒီအပတ် အာဆင်နယ် – မန်စီးတီးပွဲနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အလားအလာ ကို ဂယ်ရီနဗီး သုံးသပ် ပြောဆို

ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီး တို့ဟာ ဗုဒ္ဓဟူးနေ့ညမှာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် တွေ့ဆုံရမှာ ဖြစ်ပြီး ပက်ရဲ့ အသင်းဟာ အမ်းမရိတ်မှာ သွားကစားရမှာပါ။

သရဲနီဟောင်း ဂယ်ရီနဗီးက အာဆင်နယ်သာ သူတို့ရဲ့ အကောင်းဆုံး ကစားပုံကို ပြသနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီး အတွက် အတော် အခက်တွေ့မယ် လို့ ယုံကြည်နေပါတယ်။ ဒီပွဲကို ရှုံးနိမ့်သွားခဲ့တဲ့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ပြိုင်ပွဲ မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိသွားစေနိုင်တယ်လို့ နဗီးက သတိပေးသွားပါတယ်။

မန်စီးတီး က ဒီရာသီမှာ အကောင်းဆုံး ပုံစံမရှိ ဖြစ်နေပြီး သူတို့ရဲ့ လိဂ်ပွဲစဉ် ၃ ပုံ ၁ ပုံလောက် အမှတ်တွေ လျော့ထားပါတယ်။ ဒါပေမယ့် ဗီလာကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ အားရစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။

နဗီးက “ကျနော်တို့ဟာ တကယ့်ကို ပြင်းထန်တဲ့ title race ကို မမြင်ရသေးပါဘူး။ ပြီးခဲ့တဲ့အပတ်တွေက အမှတ်ပေးဖလားနဲ့ ပက်သက်ပြီး ပြောဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီပွဲစဉ်မတိုင်မီ ယူနိုက်တက်မှာ ဆာအဲလက်စ် ဖာဂူဆန် ပြောခဲ့တဲ့ အရာတွေကို ကျနော် ကြားယောင်နေမိပါတယ်။

ပက်ဂွာဒီယိုလာ နဲ့ အာတီတာ တို့ကတော့ ကစားသမားတွေကို ဒီလို ပြောလိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။ ဒါပေမယ့် ဖာဂီသာ ဆိုရင် ကျနော်တို့ကို ဒီလို မက်ဆေ့ခ်ျတွေ ပေးသွားမှာပါ။

သူဟာ လာမည့် ၄၈ နာရီ အတွင်းမှာ ကျနော်တို့ဆီကို လာကာ ‘ဒါဟာ တကယ် အရေးကြီးတဲ့ ပွဲပဲ။ ငါတို့သာ ဗုဒ္ဓဟူးနေ့မှာ နိုင်ခဲ့မယ်ဆိုရင် လိဂ်မှာ ဗိုလ်စွဲနိုင်လိမ့်မယ်’ လို့ ပြောမှာ ဖြစ်ပါတယ်။ သူ ကျနော်တို့ကို ဒီလိုမျိုး ပြောသွားမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးတို့ ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ပိုင်း ဆိုင်ရာမှာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဖာဂီ ဆိုရင် ဒီလိုမျိုး အရာတွေကို ပြောသွားမှာပါ။ ပက်ဂွာဒီယိုလာ ကလည်း ဒီရာသီမှာ အကောင်းဆုံး လုပ်ပြနေတဲ့ သူ့ရဲ့ တပည့်ဟောင်းတစ်ဦး ဖြစ်သူ အာတီတာနဲ့ ရင်ဆိုင်ရမယ့် ကိစ္စအပေါ် တကယ် ရင်ခုန်နေမှာပါ။

အာဆင်နယ်ဟာ ဒီရာသီမှာ အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာ သူတို့ ဖျက်ဆီးခံရနိုင်ပါတယ်။ ရှုံးတဲ့အသင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိသွားနိုင်တယ်ဆိုတာကို နှစ်သင်းစလုံး သတိရနေဖို့ လိုပါတယ်။

လူတွေက စီးတီးဟာ အာဆင်နယ်ကို နောက်ကနေ လိုက်လံဖိအားပေးနေတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် အာဆင်နယ် ကလည်း စီးတီးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်ဟာ သူတို့ရဲ့ ကောင်းမွန်တဲ့ ကစားဟန်ကို ထုတ်ပြနိုင်မယ်ဆိုရင် စီးတီးကို အနိုင်ရမှာပါ။ ဘာလို့လဲဆိုတော့ စီးတီးဟာ သူတို့ရဲ့ ပုံမှန် level မှာ ရှိမနေလို့ ဖြစ်ပါတယ်။

ဒါဟာ တကယ် စိတ်ဝင်စားစရာ ပွဲစဉ်ပါ။ ဒါပေမယ့် ကျနော်တို့ အားလုံး သိထားဖို့ လိုအပ်တာကတော့ ပရီးမီးယားလိဂ် title race ဟာ ပြီးဆုံးဖို့ အဝေးကြီး လိုနေသေးတယ် ဆိုတာပါပဲ။” လို့ ဆိုလိုက်ပါတယ်။