မန်စီးတီး ၃မှတ်၊ ဒလန် ဇင်ချန်ကို၊ ပညာကုန်မရတဲ့ အာတီတာနဲ့ အာဆင်နယ် ၁-၃ မန်စီးတီး ပွဲမှ ပြောစရာ အချက်များ

မနေ့ညက အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ယူသွားတဲ့ မန်စီးတီး ရဲ့ နိုင်ပွဲမှ ပြောစရာ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ဘောလုံးကိုင်ကစားပြီး ခံစားသွားရတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိရခဲ့ပြီး မန်စီးတီးတို့လို တူညီတဲ့ ဗျူဟာနဲ့ ကစားကွက်ရှိတဲ့ အသင်းကို အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်နဲ့ တိုက်စစ်မှာ ဘောလုံးကို မဆုံးရှုံးအောင် ကစားနိုင်ခဲ့လို့ ဒီလောက်များတဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖိကစားလို့ ရခဲ့တာဖြစ်ပေမယ့် အာဆင်နယ်တို့အနေနဲ့ တလွဲ ဆံပင်ကောင်းဆိုသလို ဘောလုံးဆုံးမယ့်ဆုံးတော့ ခံစစ်ဇုန်မှာချည်း ဆုံးခဲ့တာပါ။ တိုမီယာစုက တစ်ကြိမ်၊ ဂါဘရီယယ်လ်က တစ်ကြိမ်နဲ့ ထရော့ဆတ်က တစ်ကြိမ် ဘောလုံးဆုံးခဲ့ပြီး ဒီသုံးကြိမ်က သုံးဂိုးဖြစ်သွားခဲ့လို့ အာဆင်နယ်တို့ မှောက်မြဲမှောက်ပြီး ဒုတိယနေရာကို ထိုးကျသွားခဲ့ရတာပါ။

ဘောလုံးမကိုင်ဘဲနဲ့ နိုင်ပွဲယူသွားတဲ့ မန်စီးတီး

ဘောလုံးပိုင်ဆိုင်မှုက ၃၆ ရာခိုင်နှုန်းဆိုတော့ အိမ်ရှင်နဲ့ ဧည့်သည်များ မှားကြည့်သလားလို့ မေးရမလိုဖြစ်ခဲ့ပေမယ့် တကယ်က ဖြစ်ရပ်မှန်ပါပဲ။ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်တို့ကို ဘောလုံးပေးကိုင်ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာ ၇ ယောက်အထိ ရှိနေတဲ့ အားကြီးနဲ့ အိမ်ရှင်တွေရဲ့ ကွင်းခြမ်းမှာ Pressing ကစားသွားခဲ့တာဖြစ်ပါတယ်။

မာရက်ဇ်ကို မထုတ်ခင် အချိန်အထိ ခံစစ်ကို စိုးရိမ်နေရလို့ သိပ်မကောင်းခဲ့တဲ့ Pressing က သူ့နေရာ အာကန်ဂျီ ဝင်လာပြီး ခံစစ် ၄ ယောက်နဲ့ ရှေ့မှာ ၆ ယောက်က အသည်းအသန် လိုက်ဖိချိန်မှာတော့ အာဆင်နယ်တို့ အိုးတွေခွက်တွေ နင်းကုန်ပြီး နောက်ထပ်နှစ်ဂိုးကို ခွင့်ပြုပေးလိုက်ရတာကြောင့် မန်စီးတီးတို့ ဇယားထိပ် ပြန်တက်နိုင်ခဲ့တာပါ။

မတူညီတဲ့ နည်းစနစ်ပိုင်းနှစ်ခုရဲ့ တိုက်ပွဲ

အာဆင်နယ်တို့အနေနဲ့ မန်စီးတီး ကော်ပီလို့ ဆိုရမယ့် ၄-၃-၃ High Positioning ကစားကွက်ကို ရာသီအစကတည်းက တောက်လျှောက် တည်ဆောက်လာခဲ့ကြချိန်မှာ မန်စီးတီးတို့ကတော့ သူနဲ့ ဘိုင်ယန်မြူးနစ်တို့ ဒီရာသီမှာ တိုက်တိုက်ဆိုင်ဆိုင် စမ်းသပ်နေကြပြီး အသုံးပြုနေတဲ့ ၃-၆-၁ ကစားကွက်ကို ရွေးချယ်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဘောလုံးကိုင်ကစားခဲ့ပြီး ပိုင်ဆိုင်မှု အများစုကို ရယူသွားခဲ့ပေမယ့် ဂိုးပေါက်ဆီ ၁၀ ကြိမ် ကန်ရာမှာ ၁ ကြိမ်သာ တည့်ခဲ့ပြီး မန်စီးတီးတို့ကတော့ ၉ ကြိမ်ကန်ရာမှာ ၆ ကြိမ်က ဂိုးပေါက်တည့်ခဲ့တာပါ။ ခံစစ်ဇုန်မှာ ဘောလုံးကိုင်ဖို့ကို စွန့်ပြီး အာဆင်နယ် စိတ်ကြိုက် ဘောပေးကိုင်သွားခဲ့တဲ့ မန်စီးတီးတို့ရဲ့ ဗျူဟာအပြောင်းအလဲက ခွင်တည့်ခဲ့ပြီး အိမ်ရှင်တွေကတော့ ထောက်ချောက်ထဲကိုမှ တည့်တည့်ဆင်းမိခဲ့သလို ပွဲပြီးမှသာ ဗီဒီယိုပြန်ကြည့်ပြီး တနုံ့နုံ့ဖြစ်ရတော့မှာဖြစ်ပါတယ်။

အာတီတာ ဆရာစားချန်ခံလိုက်ရပြီလား

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ မန်ချက်စတာစီးတီးနဲ့ ဒီနေ့ပွဲမတိုင်မီ တွေ့ဆုံမှု ၈ ကြိမ်မှာ ဝင်ဘလီ ဆီမီးဖိုင်နယ်က အက်ဖ်အေဖလား တစ်ပွဲမှာသာ နိုင်ခဲ့ဖူးတာဖြစ်ပြီး ကျန်တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၇ ကြိမ်ကို ရာနှုန်းပြည့်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာလက်ထွက် စပိန်သားအနေနဲ့ သူ့ဆရာကို ကာပြန်နိုင်ဖို့တော့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပြီး စစချင်းနှစ်တွေမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့အပြီး နောက်ပိုင်းနှစ်တွေမှာ ယှဉ်ကစားနိုင်ခဲ့ပေမယ့် နှာတစ်ဖျားနဲ့ပဲ ခံစားသွားခဲ့ရတာပါ။ ဒီနေ့ပွဲမှာလည်း သူ့ကို သင်ပေးမထားတဲ့ ၃-၆-၁ ကစားကွက်ကို ဂွါဒီယိုလာက ထုတ်သုံးခဲ့ပြီး သင်ပေးထားခဲ့တဲ့ Play out from the Back ကစားကွက်နဲ့ ဘောလုံးပေးကိုင်ပြီးမှ လိုချင်တဲ့ ခွင်ထဲ ရောက်တိုင်း Pressing ကောင်းကောင်းနဲ့ တစ်ချက်ကောင်း ထိုးနှက်သွားခဲ့လို့ အာတီတာတစ်ယောက်တော့ ဆရာစားချန်ခံလိုက်ရပြီလို့ ပြောစရာဖြစ်ခဲ့ရပါတယ်။

မန်စီးတီးဒလန်လား မေးရမယ့် ဇင်ချန်ကို

ယူကရိန်းသားအနေနဲ့ အာဆင်နယ်ကို ပေါင် ၃၂ သန်းနဲ့ ရောက်လာခဲ့အပြီးမှာ တိုက်စစ်ပိုင်းအတွက် အားကိုးခဲ့ရပေမယ့် ခံစစ်ပိုင်းမှာတော့ အမှားတွေ အမြဲတမ်း ကျူးလွန်နေခဲ့သလို ဘောလုံးပျက်မှု၊ ဘောလုံးမနိုင်မှု၊ ဖိအားဒဏ် မခံနိုင်မှုတွေနဲ့ အသင်းကို ဆေးထိုးနေခဲ့ပြီး ဒီနေ့မှာလည်း တစ်ကြိမ်ရောင်းခဲ့တာပါ။

ဒီထက် ဆိုးတာကတော့ အမှားထက်ဆိုးတဲ့ ဗျူဟာပိုင်းဆိုင်ရာမှာ တရားခံဖြစ်ခဲ့ရတာဖြစ်ပါတယ်။ အာတီတာနဲ့ သူနဲ့ပေါင်းပြီး ဘယ်ခြမ်းကနေ အတွင်းဝင် ချိတ်ဆက်ကစားဖို့ လုပ်ထားတဲ့ ပုံစံက ဒီနေ့မှာ တော်တော်လေး နာကျင်စရာဖြစ်ခဲ့သလို သူ့ရဲ့ နေရာလွတ်ကို ဖြည့်ဆည်းဖို့ ဘယ်သူကမှ မတတ်နိုင်ခဲ့ချိန်မှာ ဗဟိုခံစစ်မှာ မနေနိုင်ဘဲ ထွက်ကစားခဲ့ရတဲ့ ဂါဘရီယယ်လ်ရဲ့ အပေါက်ကနေ အနိုင်ဂိုးနှစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာဖြစ်လို့ မန်စီးတီးတို့ သူ့ကို ရောင်းလိုက်တာ စေတနာနဲ့လား ဝေဒနာနဲ့လားဆိုတာတော့ ပြန်မေးချင်စရာဖြစ်ခဲ့ရပါတယ်။

ဂန်နားဆိုတာ ဆန်းသလားဆိုတဲ့ ဒီဘရိုင်းနား

အာဆင်နယ်ဆိုတာ ဒီဘရိုင်းနားအတွက်တော့ စားခွင်တစ်ခုလို ဖြစ်နေခဲ့တာကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ဘယ်လ်ဂျီယမ် Assist King ကြီးအနေနဲ့ ပွဲချိန် ၂၄ မိနစ်မှာ တိုမီယာစုရဲ့ အမှားကနေ ကောက်စားခဲ့ပြီး ဘောလုံးကို ထိန်းတောင် မနေတော့ဘဲနဲ့ ကန်သွင်းရင်း ရှေ့ထွက်လာခဲ့တဲ့ ရမ်းစ်ဒေးလ်ကို အနိုင်ယူခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်ကို ၆ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ သူ့အတွက်တော့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထဲက တစ်သင်းတည်းကို သွင်းယူခဲ့တဲ့အထဲမှာ အများဆုံး မှတ်တမ်းလည်းဖြစ်ခဲ့ပြီး ဒီနေ့ပွဲမှာ သူ့အနေနဲ့ အသင်းဖော် ဟားလန်းအတွက်လည်း တစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သေးတာကြောင့် ဂန်းနားဆိုတာ ဆန်းသလားလို့ပဲ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

ဟွန်းမတီးဘဲ ကျော်တက်လိုက်တဲ့ စီးတီး

အဝေးပြေးလမ်းတွေမှာလို ဥပမာပေးပြီး ပြောရရင်တော့ ဟွန်းတီးမီးတောက်ပြီး လမ်းပေးမှ ကျော်တက်တာမျိုး လုပ်ကြပါတယ်။ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်တို့ အမှတ်လျော့တိုင်းမှာ လိုက်လျော့နေခဲ့တာကြောင့် ကျော်မတက်နိုင်တဲ့ ကာလက တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ သတိမပေးဘဲနဲ့ ရင်ဆိုင်အတွေ့မှာ ဖင်ထိုင်မေ့အောင် တီးပြီး တစ်ပွဲပိုကစားထားခဲ့ပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ကျော်တက်သွားနိုင်ခဲ့တာပါ။

ဒီလိုမျိုး ထိပ်က အသင်းကို နောက်က အသင်းက ကျော်တက်ပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ၂၀၀၉-၁၀ မှာ မန်ယူကို ကျော်တက်ခဲ့တဲ့ ချန်ပီယံ ချဲလ်ဆီး၊ ၂၀၁၁-၁၂ ရာသီမှာ မန်ယူကိုပဲ ကျော်တက်ခဲ့တဲ့ ချန်ပီယံ မန်စီးတီးတို့နဲ့ ဖြစ်ပွားခဲ့ဖူးပြီး ဒီတစ်ခါမှာရော အာဆင်နယ်တို့ မန်ယူလို သရုပ်ဆောင်ဦးမှာလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။