အာဆင်နယ်ကို အနိုင်ယူပြီး ပြိုင်ဘက်ရဲ့ ဆိုးရွား မှတ်တမ်းအား ပိုရှည်ကြာစေခဲ့တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ မနက်တုန်းက အမ်းမရိတ်မှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ပထမ နေရာကို လွှဲယူခဲ့ပြီ ဖြစ်ပါတယ်။

ဒီဘရိုင်း၊ ဂရီလစ်နဲ့ ဟာလန်းတို့က သွင်းဂိုးတွေ ရယူခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်က ဆာကာက ခြေပဂိုး တစ်ဂိုး ပြန်ယူခဲ့တာပါ။ ဒီပွဲမှာ ဟာလန်း ပင်နယ်တီရခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်က ပြန်ပြင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးတို့ ဂိုးရအောင် အာဆင်နယ်ဘက်က ခွင့်ပြုပေးခဲ့တာလို့ အာတီတာက မြင်ပါတယ်။ သူကတော့ ကိုယ်ပိုင် ဧရိယာအတွင်း အခွင့်အရေးတွေ ပေးရခြင်း အတွက်ကော ပြိုင်ဘက် ဧရိယာမှာ ရခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခြင်း အတွက်ပါ စိတ်ပျက်နေခဲ့ပါတယ်။

‘ ကျနော်တို့ ရှုံးခဲ့ပါတယ်။ နှစ်သင်းကြား မယုံနိုင်စရာ ယှဉ်ပြိုင်ပွဲ ဖြစ်ခဲ့ပေမယ့် ကျနော်တို့က သူတို့ကို ဂိုးတွေ ပေးခဲ့တာပါ။ သူတို့ရတဲ့ သွင်းဂိုးတွေကို ကျနော်တို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးလို အသင်းကို ရင်ဆိုင်ပြီး ကိုယ်က အခွင့်အရေးတွေ ပေးမယ်ဆိုရင် သူတို့က ကိုယ့်ကို ဖျက်ဆီးသွားမှာပါ။ ကျနော်တို့က ရလာတဲ့ အခွင့်အရေးတွေကိုလည်း သွင်းဂိုးအဖြစ် အသုံးမချနိုင်ခဲ့တာကပဲ ဒီပွဲမှာ အဓိက ကွာခြားမှု ဖြစ်ပါတယ် ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် စီးတီးဟာ အာဆင်နယ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၁၁ ပွဲ ဆက်တိုက်ကို အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ ပြိုင်ဘက်ကို အကြာဆုံး ရှုံးပွဲဆိုတဲ့ မှတ်တမ်းဆိုးကို ရှည်ကြာစေခဲ့တယ်။

အာတီတာဟာ ပရီးမီးယားလိဂ်မှာ ပက်ဂွာဒီယိုလာကို မနိုင်ဖူးသေးတဲ့ မှတ်တမ်းကိုလည်း ဆက်လက် ပိုင်ဆိုင်သွားခဲ့ပြီး ချန်ပီယံဖြစ်ရေး ပြိုင်ဆိုင်မှုဟာ ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။