ဒီဘရိုင်းကို ဘူးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ အာဆင်နယ် ပရိသတ်တွေကြောင့် ဂန်းနားတို့ အရှုံးအပြင် သိက္ခာပါ ကျ

မန်စီးတီးကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အာဆင်နယ် ပရိသတ်တွေဟာ မန်စီးတီးအတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းကို ဘူးခွံတွေ၊ အမှိုက်တွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဒီဘရိုင်းက မန်စီးတီးအတွက် တဂိုးသွင်း၊ တကြိမ်ဖန်တီးပေးခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ၃-၁ နဲ့ အနိုင်ရနေချိန်မှာ လူစားလဲ ကွင်းပြင်ထွက်ချိန်မှာ အခုလိုမျိုး ပစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဘရိုင်းက လူစားလဲခံရချိန်မှာတော့ ကွင်းအပြင်ဘက်ကနေ ပတ်သွားခဲ့တာဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေရှေ့ ရောက်ချိန်မှာ ပစ်ပေါက်ခံရတာပါ။

ဒီဘရိုင်းက သူ့ကို ပစ်ပေါက်မှန်းသိသိချင်းမှာ ရှောင်တိမ်းခဲ့ပြီး ဘူးကို ခြေထောက်နဲ့ပါ ထိန်းပြခဲ့ပါသေးတယ်။ နောက် တကြိမ်မှာလည်း ထပ်ရှောင်ခဲ့ရပါတယ်။ ဒါပေမယ့် သူက အာဆင်နယ်ပရိသတ်တွေကို ရယ်ပြီးတော့ ကြည့် သွားခဲ့ကာ ပိုပြီး မခံချိမခံသာဖြစ်အောင် လုပ်သွားခဲ့ပါသေးတယ်။

ပွဲအပြီးမှာတော့ သူ့ရဲ့ အင်စတာဂရမ်မှာ ဒီဘရိုင်းက အဆိုပါဓာတ်ပုံကို တင်ထားခဲ့ပြီး “ဘယ်သူ ဘီယာတိုက်မှာလဲ” ၊ “ကျေးဇူးတင်တယ်နော်” လို့ ရေးသားခဲ့ကာ ပြန်လှောင်ပြောင်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ ဒီလုပ်ရပ်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီက စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ရဖွယ် ရှိနေပြီး ဒဏ်ငွေ ချမှတ်ခံရနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

တွစ်တာပေါ်မှာတော့ အာဆင်နယ်ပရိသတ်တွေရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချမှုတွေ အများကြီးရှိခဲ့ပါတယ်။ အရှုံးကို လက်မခံဘဲ ရှုံးမဲ မဲတယ်လို့ အများစုက ပြောဆိုခဲ့ကြပြီး အာဆင်နယ်ကတော့ ရလဒ်လည်းရှုံး၊ ပရိသတ်တွေ လုပ်ရပ်ကြောင့်ပါ မျက်နှာပျက်စရာအဖြစ်ကို ရင်ဆိုင်နေရပါတယ်။

ဒီဘရိုင်းကို ပစ်ပေါက်နေတဲ့ ဗီဒီယိုကလည်း တော်တော်လေးပျံ့နှံ့နေတာပါ။ ဒီပွဲကိုအရေးနိမ့်ခဲ့လို့ အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာလည်း မန်စီးတီးနောက် ဒုတိယနေရာကို ဆင်းလိုက်ရပါတယ်။

စီးတီးထက် တပွဲလျော့ကစားထားပေမယ့်လည်း အာဆင်နယ်က ဖိအားတွေဝင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။