ဖောရက်စ် ကို သရေကျတဲ့ ရလဒ် ကို လက်မခံနိုင် ဖြစ်နေပြီး လူငယ်တွေအား ကိုင်လီ ဝေါ်ကာ သတိပေး
နော်တင်ဟမ်ဖောရတ်နဲ့ မန်စီးတီးရဲ့ သရေပွဲက လက်မခံနိုင်စရာဖြစ်တယ်လို့ မနေ့ညက ပွဲအပြီးမှာ ကိုင်လီဝေါ်ကာက ပြောဆိုခဲ့ပြီး လူငယ်ကစားသမားတွေထံ အမှာစကားတစ်ခု ပေးပို့ခဲ့ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီး ဟာ ဖောရတ်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် သူတို့ရဲ့ ဖလားမျှော်လင့်ချက်တွေက ထိခိုက်သွားခဲ့ရတာပါ။
ဘာနာဒိုဆေးဗားက ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ခရစ်ဝုဒ်ရဲ့ဂိုးနဲ့ ဖောရတ်က ပြန်လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင် ဟာလန်းကလဲ စီးတီးအတွက် လွယ်ကူတဲ့ အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဝေါ်ကာက အတွေ့အကြုံနည်းပါးတဲ့ လူငယ်ကစားသမားတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်က လိုအပ်တဲ့ အဆင့်အတန်းမှာ မရှိခဲ့ဘူးဆိုတာကို သိသာစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ပထမဆုံး ကျွန်တော်တို့ အမ်းမရိတ်စ်ကိုသွားပြီး လိုချင်တဲ့အတိုင်း ကစားခဲ့ပြီးတော့ ဒီနေ့ပွဲရဲ့ ကစားပုံက လက်မခံ နိုင်စရာ ဖြစ်နေတယ်။ ထိပ်ပိုင်းက အသင်းတွေနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ချင်တယ်ဆိုရင် အနိုင်ရဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ အခွင့်အရေးအနည်းငယ်ကို လွဲချော်ခဲ့တယ်။ အသင်းတစ်သင်းအနေနဲ့ ပိုေကောင်းအောင် လုပ်ဖို့လိုပါတယ်။ တခါတလေ ကစားပုံလိုအပ်ချက်ရှိပြီး တခါတလေ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေတယ်။ ပွဲတိုင်းကို ဖလားဖိုင်နယ် တစ်ခုလို ပြုမူခဲ့သင့်တာပါ။ ဒါက လက်မခံနိုင်စရာပဲဆိုတာကလွဲပြီး ကျွန်တော် ဘာပြောနိုင်ဦးမှာလဲ။
အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ စည်းလုံးညီညွတ်နေရမယ်။ စီနီယာအသင်းသားတွေက ကျွန်တော်တို့ရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြတယ်။ ဒါက ဒီအတိုင်း လက်မခံနိုင်စရာပါပဲ”လို့ဝေါ်ကာက ပြောဆိုခဲ့ပါတယ်။
စီးတီးတို့သရေကျခဲ့တာကြောင့် အက်စ်တွန်ဗီလာကို အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ကို ပြန် ရောက်သွားပြီ ဖြစ်ပါတယ်။
စီးတီးဟာ ကြားရက်မှာ ဂန်းနားတွေကို အနိုင်ရခဲ့တာကို ခိုင်ခိုင်မာမာ နေရာယူဖို့ ကျရှုံးခဲ့ပြီး အခုဆိုရင် တစ်ပွဲ ကျန်နေသေးတဲ့ အာတီတာအသင်းရဲ့နောက်မှာ ၂မှတ် ကွာဟနေပြီ ဖြစ်ပါတယ်။
စီးတီးဟာ လိဒ်စ်ကို ရှုံးခဲ့တဲ့ ၂၀၂၁ ဧပြီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီပွဲမှာ ပရီးမီးယားလိဂ်မှာ တန်းတက် အသင်းသစ်ကို အနိုင်မယူနိုင်ခဲ့တာဖြစ်ပါတယ်။
