ဟာလန်း က ဂိုးတွေ လွယ်လွယ် ရနေတာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အသင်းဖော်ကို ချီးကျူးတဲ့ အီဒါဆန်

နော်ဝေ လက်ရွေးစင် တိုက်စစ်မှုး အာလင်း ဟာလန်း ဟာ မန်ချက်စတာစီးတီးအသင်း အမှန်တကယ်ကို အလိုရှိနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး သူ့ သွင်းဂိုးတွေကလည်း လွယ်လွယ် ရနေတာ မဟုတ်ဘူးလို့ မန်စီးတီး ဂိုးသမားဖြစ်သူ အီဒါဆန်က ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီရဲ့ နွေဈေးကွက်အတွင်းမှာပဲ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲ ကစားထားခဲ့ပြီး (၃၂)ဂိုး သွင်းယူထားနိုင်ခဲ့သလို (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဟာလန်းက ပရီးမီးယားလိဂ်မှာလည်း (၂၆)ဂိုးအထိ သွင်းထားနိုင်လို့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ဖို့ အခြေအနေကောင်းနေတဲ့အပြင် ဥရောပ ရွှေဖိနပ်ဆုပါ ရယူနိုင်ဖို့ အလားအလာ ကောင်းနေရပါတယ်။

ဟာလန်းနဲ့ ပတ်သတ်ပြီး ဂိုးသမား အီဒါဆန်က “သူ အသင်းကို ရောက်လာတုန်းက သူ ဂိုးတွေ အများကြီး သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် ပြောခဲ့သေးတယ်။ သူက ထက်မြက်တဲ့ ဂိုးသွင်းယူဖြစ်ပြီး အမြဲတမ်း ဂိုးသွင်းဖို့ ကြိုးစားနေသူပါ။

သူ့ကို ဂါဘရီရယ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူတို့ဟာ မတူညီတဲ့ ကစားသမားတွေပါ။ ဂါဘရီရယ်က တောင်ပံကနေ ဧရိယာထဲ ဝင်လာရတာကို ပိုသဘောကျတယ်။ ဟာလန်းက ပိုသန်မာပြီး စွယ်စုံရ ကစားသမားတစ်ဦးပါ”

“သူက ဗဟိုနေရာမှာ ပို ကစားတယ်။ ဧရိယာထဲ ဝင်ဖို့ ကြိုးပမ်းတယ်။ သူရဲ့ target က အဲ့ဒီနေရာပဲ။ အဲ့ဒါက အဓိက ကွာခြားချက်ပဲ။ ခင်ဗျားက ပြိုင်ဘက် ဂိုးဧရိယာ နေရာထဲကို ရောက်နေတဲ့အခါဆိုရင် ဒီဧရိယာထဲမှာ ခင်ဗျားနဲ့အတူ အမြဲ တွဲကစားမဲ့ ကစားသမား ရှိနေပါလိမ့်မယ်။

သူ သွင်းယူခဲ့တဲ့ ဂိုးအများစုက လွယ်ကူတယ်လို့ လူတော်တော်များများက ပြောကြပေမဲ့ ဒါဟာ လိမ်ညာမှုပါပဲ။ ဒါက သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပဲ။ သူက လွယ်လွယ်နဲ့ ဂိုး မသွင်းယူပါဘူး။ သူ နေရာယူတဲ့ အနေအထားကသာ အရမ်း ကောင်းမွန်နေတာ။

သူ ဒီအတိုင်း ဆက်သွားပြီး ဆုဖလားတွေ အားလုံးအတွက် အတူတကွ လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။