ဘာလုပ်လုပ် ဝေဖန်သူတွေက အမြဲ ပြောစရာ ရှိနေမှာပဲလို့ နည်းပြ ဂွာဒီယိုလာ စိတ်ပျက်စွာ ပြောဆို

မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာ ဟာ သူ့ရဲ့ ဝေဖန်မှုတွေကို ပြန်တုံ့ပြန်ခဲ့ပြီး အသင်းက ဘယ်လောက်ပဲ အောင်မြင်မှု ရပါစေ၊ ဝေဖန်သူတွေရဲ့ ကျေနပ်မှုကို သူ ရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

” ကျွန်တော့် နည်းပြဘဝ မနက်ဖြန် အဆုံးသတ်မယ်ဆိုရင် ဘာစီလိုနာ၊ ဘိုင်ယန်၊ စီးတီးတို့နဲ့အတူ ကျွန်တော် လုပ်နိုင်ခဲ့တာတွေ အတွက် ကျေးဇူးတင်ပြီး ဂုဏ်ယူနေမှာပါ။ ကာလတိုအတွင်း ကျွန်တော် ရရှိခဲ့တဲ့ ဘဝမျိုး ရဖို့ ဘယ်တုန်းကမှ မမျှော်လင့်နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့ရခဲ့တဲ့ အောင်မြင်မှုတွေတင်မက ကျွန်တော်တို့ရဲ့ ကစားပုံကိုပါ သဘောကျပါတယ်။ ဒီထက် ပိုပြီး တောင်းဆိုလို့တောင် မရတော့ပါဘူး။ အဆုံးသတ်မှာတော့ ကံကြမ္မာက စီစဉ်ထားပြီးသားပါ။ တခါတလေ ကျွန်တော်တို့ နီးစပ်ခဲ့ပြီး တခါတလေ မနီးစပ်ခဲ့ဘူး။

ကျွန်တော်တို့ လုပ်ခဲ့တာတွေက အသိအမှတ်ပြုခံရမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရတယ်။ ကျွန်တော် အတိတ်ရော အနာဂတ်မှာပါ ဘာတွေပဲ လုပ်နိုင်၊ လုပ်နိုင် ကျရှုံးနေသလို ဖြစ်နေဦးမှာပဲ။

ဝေဖန်သူတွေအတွက် ကျွန်တော် လုပ်ပြသမျှက ဘာမှ လုံလောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒါကို ကျွန်တော် သိလိုက်တဲ့အချိန်မှာ ပျော်ပျော်ပဲနေတော့တယ်။

ညစာကောင်းကောင်း ဝိုင်ကောင်းကောင်း သောက်ပြီး ဘောလုံးပွဲတွေ ကြည့်မယ်။ ပြီးတော့ ကိုယ် ကစားရမယ့် ပွဲအတွက် ကောင်းကောင်းပြင်ဆင်ပြီး ရှေ့ဆက်ဖို့ အားပေးပါတယ်။ ဒါပါပဲ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

စီးတီးဟာ မနက်ဖြန် ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်နဲ့ ပွဲကျရင် ပြန်လာဖို့ အခွင့်အရေး ရှိနေပါတယ်။ အဲ့ဒီ့ပွဲမှာ ပေါင်ခြံ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ကြိုးစားနေတဲ့ ဂျွန်စတုန်း ပါဝင်မှာမဟုတ်ပဲ ဒီဘရိုင်းနဲ့ လာပေါ်တေးတို့ကလဲ ဖျားနာမှုကြောင့် ကစားနိုင်မှာမဟုတ်ဘူးလို့ ဂွာဒီယိုလာက ပြောပြခဲ့ပါတယ်။

စီးတီးဟာ ချန်ပီယံလိဂ်မှာ ဂျာမန်အသင်းတွေနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၁၇ပွဲမှာ ၁ပွဲသာ ရှုံးထားပေမယ့် အဲ့ဒီ့တစ်ပွဲဟာ မနှစ်က အုပ်စုအဆင့်မှာ လိုက်ပ်ဇစ်နဲ့ တွေ့ခဲ့တုန်းက ဖြစ်ပါတယ်။