ဂျာမန်ကလပ်တွေ မြန်လွန်းကြောင်း ဝန်ခံပြီး နောက်ပွဲ တိုက်စစ် ၉ ယောက်လောက် ထည့်ပစ်မယ်လို့ ပက် ကြုံးဝါး

မန်ချက်စတာစီးတီး အသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ဂျာမန်မြေမှာ RB လိုက်ပ်ဇစ်အသင်းကို သရေသာ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အင်္ဂလန်အသင်းတွေထဲမှာ အကောင်းဆုံး ရလဒ် ဖြစ်နေခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ စပါး တို့ အသီးသီး ရှုံးနိမ့်ထားခဲ့ချိန်မှာ ဂွါဒီယိုလာရဲ့ လူတွေလည်း နိုင်ပွဲ မရဘဲ ဖြစ်ခဲ့ရပါတယ်။
ညက သရေပွဲ ပထမအကျော့အပြီးမှာ ဂွာဒီယိုလာက သူ့အသင်းဟာ ဂျာမနီကလပ်တွေရဲ့ မြန်နှုန်းကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘူးလို့ ဝန်ခံလိုက်ပါတယ်။ ဒါကြောင့် ဒုတိယအကျော့မှာ သတိထားကစားရတော့မှာဖြစ်ပြီး သူ့အနေနဲ့ တိုက်စစ်မှူး ၉ ယောက်လောက် အထိ ထည့်ကန်ရမယ်လို့လည်း အရွှန်းဖောက်ခဲ့ပါတယ်။
မန်စီးတီးဟာ မာရက်ဇ်ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လိုက်ဇစ်အတွက် ဂျီဗာဒီရယ်က ချေပဂိုးပြန်သွင်းသွားခဲ့တာပါ။ သရေပွဲအပေါ်မှာ ဂွာဒီယိုလာက စိတ်ပျက်လက်ပျက်ဖြစ်နေပြီး မန်ချက်စတာမှာ ကစားရမယ့် ဒုတိယအကျော့ကို အခုထက်ပိုပြီး တိုက်စစ်ဖွင့်ကစားရမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
“သူတို့က ကျနော်တို့ထက် ပိုကောင်းခဲ့တယ်၊ ဝေါ်လ်ကာ၊ ဟာလန်းတို့ကလွဲရင် ကျန် ကစားသမားတွေ အားလုံးထက် လည်း ပိုမြန်ခဲ့တယ်၊ ဒုတိယအကျော့မှာ ကျနော် ရူးသွပ်စွာနဲ့ တိုက်စစ်မှူး ၉ ဦးလောက် ထည့်ကန်ရပါတော့မယ်၊ ဂျာမနီမှာ ကျနော် နည်းပြလုပ်ခဲ့ဖူးပြီး လိုက်ဇစ်ကို ခွဲခြမ်းစိတ်ဖြာခဲ့ဖူးပါတယ်၊ ဒါကို ကျနော်ထိန်းချုပ်ဖို့ လိုအပ်နေပါပြီ”
“ပွဲပြီးတော့ ကျနော့်ကောင်တွေက ခေါင်းငိုက်စိုက်ကျနေတယ်၊ မင်းတို့ ဘာလို့ ခေါင်းငိုက်စိုက်ကျနေတာလဲ၊ မင်းတို့ ခေါင်းတွေကို မော့ထားလို့ ကျနော်ပြောခဲ့ရတယ်၊ ဒီလိုမျိုး သန်မာတဲ့ ပြိုင်ပွဲတခုမှာ အသင်းတိုင်းက တောင့်တင န်းပါတယ်၊ လိုက်ဇစ်ကွင်းကိုလာပြီး ကျနော်တို့က ၅ ဂိုးလောက်သွင်းနိုင်မယ်လို့ ထင်နေကြတာလား၊ ဒါက လက်တွေ့ မကျပါဘူး”
“အုပ်စုအဆင့်မှာပဲ အသင်းကြီးတွေ ထွက်ခွာနေရတာကိုလည်း ခင်ဗျားတို့ မြင်နေကြရတာပဲလေ” လို့ ဂွာဒီယိုလာက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။