မန်စီးတီး ကစားသမားတွေရဲ့ အားနည်းချက်ကို ဖော်ထုတ် ပြောဆိုသွားတဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီး အသင်းရဲ့ကစားသမားတွေဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း အားနည်းလွန်းပြီး ရုပ်ပိုင်းဆိုင်းရာ စိန်ခေါ်မှုတွေအပေါ် ကြိုက်နှစ်သက်ဟန်မရှိဘူးလို့ လိုက်ပ်ဇစ်ကွင်းလယ်လူ ရှလာဂါက ပြောဆိုလိုက်ပါတယ်။

လိုက်ပ်ဇစ်နဲ့ မန်စီတီးတို့ဟာ မနေ့ညပိုင်း၊ ဂျာမန်မြေမှာ ချန်ပီယံလိဂ်ရှုံးထွက်(ပထမအကျော့)ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့်မတ်လလယ်၊ အယ်တီဟတ်ကွင်းမှာ ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

ဒီပွဲစဉ်အပြီး လိုက်ပ်ဇစ်ကွင်းလယ်လူ ရှလာဂါက “ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ဘောလုံးပိုင်ဆိုင်မှုက ၂၆ ရာခိုင်နှုန်းပဲ ရှိပြီး ဒါက အတော်လေးဆိုးလွန်းပါတယ်။ ပထမပိုင်း ပွဲချိန်အတွင်း ကျွန်တော်တို့မှာ အခြေအနေကောင်းတွေ ရှိခဲ့သလို ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေကိုလည်း ချမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒါကို ပြောင်းလဲပစ်ခဲ့ပါတယ်။

ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တချို့ ချမှတ်နိုင်ချိန်မှာ ဘောလုံးကို ပိုကောင်းကောင်းကိုင်ထားနိုင်ပြီး ပြိုင်ဘက်အနေနဲ့ ကိုယ့်ရဲ့ကစားပုံကို လိုက်မီနိုင်ဖို့ လိုအပ်လာပါတယ်။ ဒီနောက်မှာတော့ သူတို့က အမှားတွေ ဆက်တိုက်လုပ်လာပါတယ်။

မန်စီးတီးက ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း အားနည်းကြသလို သူတို့အပေါ် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း သိပ်မကြိုက်ကြပါဘူး။ ဒုတိယပိုင်း ပွဲချိန်တွေမှာတော့ ကျွန်တော်တို့ ကစားလိုတဲ့ နည်းလမ်းအတိုင်း ကစားနိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ကွင်းလယ်တွေမှာပဲ ဖိအားပေးပြီး နေရာလွတ်တွေလျှော့ချဖို့ လိုလားခဲ့ပေမယ့် မန်စီးတီးက ဘောလုံးကိုင် ကစားတာ အရမ်းကောင်းခဲ့ပြီး နေရာလွတ်တွေလည်း များပြားလွန်းတာကြောင့် ကျွန်တော်တို့ဟာ သူတို့ကို စိန်ခေါ်မှု ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး”လို့ ပြောဆိုခဲ့တာပါ။

မန်စီးတီးက အခုသီတင်းပတ်ကုန်မှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိသလို လိုက်ပ်ဇစ်ကလည်း ဖရန့်ဖတ်နဲ့ ရင်ဆိုင်ရမယ့် ဘွန်ဒက်စ်လီဂါပွဲကြပ်တစ်ခု ရှိနေပါတယ်။