လိုက်ပ်ဇစ်နဲ့ ပွဲ အနိုင်အရှုံးကို ဒုတိယအကျော့မှ ကြည့်ကြဖို့ စီးတီး နည်းပြ ဂွာဒီယိုလာ တိုက်တွန်း

ပထမအကျော့ သရေကျပြီးနောက် မန်စီးတီးနဲ့ ရက်ဘူးလိုက်ပ်ဇစ်တို့ကြားက ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ဟာ အဆုံးအဖြတ်ဖြစ်ဖို့ မျှော်လင့် ထားကြောင်း ပက် ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။
ဂျာမနီမြေမှာ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် စီးတီးနဲ့ လိုက်ပ်ဇစ်တို့ဟာ မတ်လ ၁၄ရက်နေ့ ဒုတိယအကျော့ကို အီတီဟက် ကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက “ပွဲက ဒီလိုပဲဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသားပါ။ ဒုတိယအကျော့ကျမှပဲ အနိုင်အရှုံး ဆုံးဖြတ် လိမ့်မယ်။ ၂၅မိနစ်လောက် သူတို့ အရမ်းကောင်းနေခဲ့တကို ဂိုးမသွင်းခင်ထဲက ကျွန်တော် ပြောခဲ့ပါတယ်။
ပုံမှန်ဆိုရင် ပထမပိုင်းမှာလို ကျွန်တော်တို့ကစားရင် လူတွေက ဒုတိယပိုင်းကျ ကျွန်တော်တို့ ဘယ်လောက် ဆိုးတယ်ဆိုတာ ပြောကြလိမ့်မယ်။ လိုက်ပ်ဇစ်က အသင်းကောင်းတစ်သင်းလို့ ဘာလို့ မတွေးနိုင်ကြတာလဲ။
သူတို့က ပွဲတွေအများကြီး မရှုံးခဲ့ဘူး။ ဒီမှာ ရီးရဲလ်မက်ဒရစ်ကို သူတို့ နိုင်ခဲ့တယ်။ ဘိုင်ယန်နဲ့ပွဲမှာ ဘိုင်ယန်က ပိုကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ လိုက်ပ်ဇ်စက အများကြီး ပိုကောင်းခဲ့တယ်။
လိုက်ပ်ဇစ်ကို ကျွန်တော် အများကြီး လေးစားပါတယ်။ သူတို့ ကောင်းတဲ့အရာတွေ လုပ်နေတဲ့အခါ သူတို့ကိုယ်တိုင် ကောင်းနေလို့ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။
ပထမ အကျော့ပွဲ မှာ မာရက်ဇ်ဟာ စီးတီးအတွက် ပထမပိုင်း ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဂဗာဒီအိုလ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
“ဒီပွဲကနေ ကျွန်တော်တို့ သင်ခန်းစာ ယူရမယ်။ လိုက်ပ်ဇစ် အသင်းကောင်းတစ်သင်းဖြစ်ပြီး ဖြတ်ကျော်နိုင်မယ့်လမ်းကို ရှာဖွေနိုင်တာကြောင့် ကျွန်တော်တို့အနေနဲ့ ကစားကွက်ထဲမှာ တခုခု ပြောင်းလဲပြင်ဆင်ပြီး ပိုကောင်းအောင် လုပ်ဖို့လိုပါတယ်။
ချန်ပီယံလိဂ်ဆိုတာက တောင်းဆိုမှုများတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော့်မျှော်လင့်ချက်ကတွေက မမြင့်ပါဘူး။ လိုက်ပ်ဇစ်ကို လွယ်လွယ်နဲ့နိုင်မယ်လို့ မထင်ထားဘူး။ ၁၆သင်းအဆင့်ကို ကျော်ဖြတ်ဖို့ နှစ်ကျော့၊ မိနစ် ၁၈၀ လုံး လိုအပ်ပါတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။