မန်စီးတီးက ဒီရာသီ ဖလား ၃ လုံး ယူမယ် တွေးမနေကြဖို့ ဂွာဒီယိုလာ တားဆီး သတိပေး

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ သူ့ ကစားသမားတွေကို ဒီရာသီ ဖလား ၃ လုံး ယူဖို့ ကိစ္စ ခေါင်းထဲ မရောက်စေချင်သလို ထည့်မပြောစေလိုကြောင်း တားဆီးခဲ့ပါတယ်။
စီးတီးဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့် တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ကလပ်ဟာ ချန်ပီယံလိဂ်မှာလည်း ရှိနေသေးသလို ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် စီးတီးတို့ ဒီရာသီ ဖလားသုံးလုံး ယူမလား မေးခွန်းထုတ်ခံခဲ့ရရာ ပက်က အခုလို ငြင်းဆို လိုက်ပါတယ်။
” နိုးပါ။ ဖလား ၃လုံး ကိစ္စတွေ မေ့ထားလိုက်။ မေ့ပစ်ထားလိုက်။ ဒီကိစ္စတွေ စပြောတာနဲ့ ပြိုင်ပွဲတွေမှာ ရှုံးတော့တယ်၊ ထွက်ရတော့တယ်။ ကျနော်တို့ အသင့် မဖြစ်သေးပါဘူး။ ဒီကိစ္စကို ထည့်စဉ်းစားဖို့ အချိန် တစ်စက္ကန့်တောင် မရှိဘူးဗျာ။ ကျနော်တို့ နယူးကာဆယ် အကြောင်း (နောက်ပွဲ) ပဲ စဉ်းစားတယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။
” ကျနော်တို့ ပရီးမီးယားလိဂ်မှာ အမှတ်လျော့လို့ မရတော့ဘူး ဆိုတာ သိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေ့မှာ အာဆင်နယ် ရှိနေသလို နောက်မှာလည်း ယူနိုက်တက်က လိုက်လာနေတယ်။
ချန်ပီယံလိဂ်ကလည်း ဘာဖြစ်လာမလဲ ဆိုတာ ဒီနှစ်ပတ် အတွင်း သိရတော့မှာပါ။ အရေးကြီးတာ တစ်ခုက ပြိုင်ပွဲမှာ ပါဝင်နေရဖို့ပဲ၊ ဟုတ်တယ် မဟုတ်လား၊ ခရီးရှည်နိုင်သမျှ ရှည်ရှည် ရောက်အောင် သွားရမှာပေါ့။ ” လို့ စပိန်သား နည်းပြကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ စီးတီးဟာ နောက်ဆုံးထားတဲ့ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၁၄ ပွဲသာ နိုင်ထားပြီး ၁ပွဲ သရေ၊ ၁ပွဲ ရှုံး အမှတ်လျော့တာတွေ ရှိထားပါတယ်။