ဘာစီလိုနာ ပြောင်းဖို့ ပြင်နေတဲ့ မန်စီးတီး အသင်းသား၊ ဈေးပေါပေါနဲ့ ရောင်းမှာ မဟုတ်တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့ နောက်ခံ ကစားသမား လာပေါ့တ် ဟာ လက်ရှိဘောလုံးရာသီကုန်ရင် မန်ချက်စတာမြို့ကနေ ထွက်ခွာပြီး ဘာစီလိုနာဆီ ပြောင်းရွေ့ချင်နေတယ်လို့ စပိန်က လာတဲ့သတင်းတွေအရ သိရပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ စပိန်နောက်ခံလူဟာ ဒီရာသီ နည်းပြပတ်ရဲ့ ပွဲထွက်လူစာရင်းမှာ ခြောက်ကြိမ်သာ ပါဝင်ခွင့် ရခဲ့ပြီး ဂွာဒီယိုလာရဲ့ ဦးစားပေးပွဲထွက်စာရင်းမှာတော့ ဂျွန်စတုန်း၊ ရူဘန်ဒီယက်ဇ်၊ နသန်အကီ၊ အကန်ဂျီတို့ရဲ့ နောက်မှာ ရှိနေခဲ့ရတာ ဖြစ်ပါတယ်။

လာပေါ့တ် ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းရဲ့ခံစစ်မှာ အဓိကဦးစားပေး ကစားသမားအနေနဲ့ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဒီရာသီမှာတော့ မန်စီးတီး အတွက် ၇ပွဲသာ ကစားခွင့်ရခဲ့ပြီး အရန်ခုံပေါ်မှာပဲ အများဆုံး အချိန်ကုန်နေခဲ့ရပါတယ်။

ဘာစီလိုနာဟာ ဗဟိုခံစစ်ကို အားဖြည့်ဖို့ ဘယ်သန်နောက်ခံကစားသမားကို အလိုရှိနေတာပါ။ လာပေါ့တ် ကလည်း ပွဲထွက်ခွင့်သာရခဲ့ရင် နူးကမ့်ကို လာချင်နေတယ်လို့ သိရပါတယ်။

သူဟာ ၂၀၂၄-၂၅ မှသာ မန်စီးတီးနဲ့ စာချူပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး မန်စီးအသင်းကတော့ သူ့ရဲ့အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားပါတယ်။

လာပေါ့တ်ဟာ ဘယ်အစွန်ခံစစ်မှာသာမက နောက်တန်း၃‌ယောက်ကစားကွက်မှာဆိုလည်း ကွင်းလယ် ဘယ်တောင်ပံ ကစားသမားအဖြစ် ကစားနိုင်သူဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာမန်နေဂျာ ဇာဗီအတွက် အများကြီး အသုံးတည့်တဲ့ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။

ဘာစီလိုနာ နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ လုပ်ငန်းသဘောအရ ဆက်သွယ်မှုတွေ အများအပြားရှိခဲ့ပြီး ၂၀၂၁-၂၂ ရာသီအကုန်မှာ ဆာဂျီယို အဂူရို၊ အဲရစ်ဂါစီယာ ၊ ဖာရန်တောရက်စ် တို့လို ကစားသမား ပြောင်းရွှေ့မှုတွေ ရှိခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ လာပေါ့တ် အတွက် ဈေးနှုန်းဘယ်လောက်သတ်မှတ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။မန်စီတီးဟာ လာပေါ့တ် ကို ၂၀၁၈မှာ အက်တလက်တစ်အသင်းကနေ ပြောင်းရွေ့ကြေး ၅၇.၂သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဂွာဒီယိုလာဟာ သူ့ရဲ့ကစားသမားကို ဈေး‌ပေါပေါနဲ့ လက်လွှတ်မှာတော့ မဟုတ်ပါဘူး။