ပဲလေ့စ် ဆီကနေ အနိုင် ၃ မှတ်ကို မန်စီးတီးတို့ ဘယ်လို ခက်ခက်ခဲခဲ ရယူသွားခဲ့ရသလဲ

မန်ချက်စတာစီးတီးအသင်းဟာ ပဲလေ့စ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ဟာန်း ပင်နယ်တီ တစ်ဂိုးတည်းနဲ့ အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲပါတယ်။
စီးတီးက ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို တွဲပေးခဲ့ပြီး ဒီဘရိုင်းနားကိုတော့ အရန်ခုံမှာပဲ ဆက်ထားခဲ့ပါတယ်။
အိမ်ရှင် ခရစ္စတယ်လ် ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ ဂေးဟီ၊ အန်ဒါဆန်၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မီလီဗိုယေဗစ်ချ်၊ ဆမ်ဘီ လိုကွန်ဂါ၊ ရှလု(ပ်)၊ အိုလီဆေးနဲ့ ဇာဟာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အာယူးတစ်ဦးတည်းကို နေရာချထားခဲ့တာပါ။
ပွဲစကတည်းက မန်စီးတီးတို့ တဒိုင်းဒိုင်းကန်လိုက်ကြတာတွေက မြင်မကောင်း ရှုမကောင်းဖြစ်နေခဲ့ပြီး ပဲလေ့စ်နည်းပြ ဗီယာရာကတော့ ပိတ်ကစားဖို့ကလွဲပြီး တိကျသေချာတဲ့ Plan B လည်း မရှိခဲ့သလို တကယ်လို့ ဂိုးများပေးလိုက်ရရင် ဘယ်လိုတုံ့ပြန်ပြီး ချေပမလဲဆိုတဲ့ တိုက်စစ်ကို သွားဖို့ ဗျူဟာကလည်း ဇာဟာနဲ့ အာယူးတို့နှစ်ယောက်ဆီမှာ အဖြေရှိမနေခဲ့တာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် လီဗာပူးလ်၊ ဗီလာတို့နဲ့ ပွဲတွေမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာ သုံးနာရီတိတိ ရှိသွားပြီဖြစ်တဲ့ တိုက်စစ်ကို ပဲလေ့စ်တို့ ဘာမှ ပြင်ဆင်မထားနိုင်ခဲ့ဘဲ မန်စီးတီးတို့ဘက်ကို ကောင်တာတောင် အဖြစ်ရှိအောင် မဖောက်တတ်ခဲ့သလို ဧည့်သည်တွေဘက်က ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ လွဲချော်နေခဲ့ပြီး ဖရီးကစ်ကနေ ရိုဒရီရဲ့ ခေါင်းတိုက်ချက်ကလည်း ဂိုးသမား ဂွိုင်တာတည့်တည့်ကို တိုက်မိခဲ့တာပါ။
ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ဆက်ပြီး ဖိကစားခဲ့ပေမယ့် အနည်းငယ် ကျလာတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပွဲချိန် ၅၈ မိနစ်မှာ ဖိုဒန်အစား အယ်လ်ဗာရက်ဇ်ကို ထည့်သွင်းခဲ့ပြီး သူ့ရဲ့ အလိမ်အလှည့်တွေမှာ ပဲလေ့စ်တို့ ပိုပြီး ပျာယာခတ်လာခဲ့တာကြောင့် ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။
ပွဲချိန် ၆၁ မိနစ်မှာ ကွင်းလယ်ကို ထိန်းကျောင်းပေးနေပေမယ့် အဝါထိထားတဲ့ မီလီဗိုယေဗစ်ချ်ကို ထုတ်ချိန်မှာ ဘာရုပ်မှ မပေါက်သေးဘဲ စတုဂတ်မှာ ရာသီဝက်သာ တူတူတန်တန် ကစားဖူးသေးတဲ့ အာဟာမာဒါကို ထည့်လိုက်တာက ကွင်းလယ်မှာ အိုးနင်းခွက်နင်းဖြစ်ဖို့ အကြောင်းဖန်လာပြီး ခြေမှန်နေတဲ့ ကလိုင်းန်အစား ဂျိုးလ်ဝါ့ဒ်ကို ထပ်ထည့်လိုက်တာကတော့ ဗီယာရာကို လမ်းဆုံးသွားစေခဲ့တာပါ။
ပွဲချိန် ၇၈ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ဧရိယာထဲဆီ အတိုးပေးရာမှာ ဘောလုံးရသွားတဲ့ ဂွန်ဒိုးဝမ်ကို လန့်နိုးလာပြီး သွေးရူးသွေးတန်းဖျက်တဲ့ အိုလီဆေးက ဘောလုံးမထိဘဲ ခြေထောက်ကိုပဲ ထိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ဗီယာရာအနေနဲ့ မိုးလွန်မှ ထွန်ချပြီး မိနစ် ၈၀ မှာ အာယူးနဲ့ ရှလု(ပ်)တို့အစား အေဒူယာနဲ့ အီဇီတို့ကို ထည့်သွင်းခဲ့ပေမယ့် ပုံပျက်နေပြီးဖြစ်တဲ့ အသင်းမှာ ချေပဂိုးပြန်ရဖို့ ကြိုးစားမယ့်သူက လက်ချိုးပြီး ရေရလောက်အောင် ရှားပါးနေခဲ့တာကြောင့် ဒိုင်ခံရုန်းနေခဲ့ရတဲ့ ဇာဟာကို ဘယ်သူမှ လိုက်ပြီး ကူညီမယ့်သူ မရှိဘဲ မန်စီးတီးတို့ရဲ့ ထိန်းချုပ်ကစားခြင်းကို ခံခဲ့ရတာပါ။
ပွဲချိန်အပြည့်မှာတော့ ဂိုးပေါက်မတည့်တဲ့ နောက်တစ်ပွဲကို ပိုင်ဆိုင်သွားခဲ့ပြီး ကစားချိန် သုံးပွဲနဲ့ လေးနာရီခွဲတိတိ ဂိုးပေါက်နဲ့ စိတ်ကောက်နေခဲ့တဲ့ ပဲလေ့စ်တို့ကို မန်စီးတီးတို့က လက်ဆောင်ရတဲ့ ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်စီးတီးက ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ မကစားခင် နှစ်မှတ်အကွာကို ပြန်လည် ချဉ်းကပ်နိုင်ခဲ့ကြပြီး အိမ်ရှင်တွေကတော့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် နိုင်ပွဲမရှိပေမယ့် အမှတ်ရဖို့ ခက်တဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၂ မှာ ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။