ဒီဘရိုင်းနဲ့ အိုဒီဂတ် အခု ဘယ်သူက ပိုကောင်းနေပြီလဲ ပြောဆိုသွားတဲ့ ဂျင်မီရက်နပ်

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ က ဒီဘရိုင်းလို့ ဒီတလောနှစ်တွေထဲမှာ အားလုံးက ချွင်းချက် မရှိ လက်ခံထားကြပေမယ့် လီဗာပူးကြယ်ပွင့်ဟောင်း ဂျေမီရက်နပ်က အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ် နဲ့ နှိုင်းယှဉ် ပြောဆိုလာပါတယ်။

ရက်နပ်က အိုဒီဂတ် ဟာ ဒီဘရိုင်းထက်ကို သာနေပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အိုဒီဂတ်ရဲ့ အာဆင်နယ်အသင်းဟာ ဒီအပတ်မှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့ပြီး ထိုပွဲက အိုဒီဂတ် ခြေစွမ်းကို ကြည့်ကာ ရက်နပ်က အခုလို ပြောဆိုလာတာပါ။

“အခုချိန်မှ သူက နံပါတ်တစ်ပဲ။ ပုံမှန်ဆိုရင် ဒီဘရိုင်းက လိဂ်မှာတင်မက ကမ္ဘာမှာပါ အကောင်းဆုံး ကွင်းလယ်လူလို့ ပြောကြတယ်။ ဒါပေမယ့် တခုခုက မမှန်ပါဘူး။ အိုဒီဂတ်မှာ အဲ့အရာက ရှိနေတယ်။

ကစားသမားကောင်းတွေအားလုံးမှာ ပိုင်ဆိုင်ထားတဲ့အရာပါ။ သူ့မှာ ဘောလုံးရှိနေရင် ဘေးနားက အရာတွေအားလုံး ရပ်တန့်သွားသလိုပဲ။ သူ့မှာ တည်ငြိမ်မှုကိုပိုင်ဆိုင်ထားတယ်။ သူ့ဘယ်ခြေနဲ့ အဲ့လို လေးငါးဂိုး သွင်းခဲ့ပါတယ်။ သူက အသင်းရဲ့ ခေါင်းဆောင်လဲဖြစ်တယ်။ သူက နံပါတ်တစ်ဖြစ်ပြီး အဲ့အသင်းကိုဦးဆောင်နေတာပါ”လို့ ရက်နပ်က ဆိုပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒဏ်ရာတွေနဲ့ မကြာခဏ ရုန်းကန်နေရပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားပြီးချိန်မှာ ၄ ဂိုး သွင်း၊ ၁၂ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အိုဒီဂတ် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးက ၁ဝ ဂိုးထိ ရှိထားပြီး ၇ဂိုး ထောက်ပံ့မှု လုပ်ထားပါတယ်။