နွေမှာ မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးတို့ထက် သာအောင် ငွေသုံးဖို့ တာစူနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း

မန်စီးတီးဟာ ဈေးကွက်ထဲ ငွေသုံးများတယ် ဝေဖန်နေကြပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ငွေသုံးအကြမ်းဆုံး ကလပ်တွေကတော့ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဖြစ်ပြီး အသုံးစရိတ် ပေါင် သန်း ၆၀၀ ကျော်နဲ့ ပေါင်း သန် ၂၀၀ ကျော် ထုတ်သုံးထားခဲ့ကြတာပါ။

လာမယ့် နွေအပြောင်းအရွှေ့မှာတော့ ချယ်ဆီးနဲ့ မန်ယူ နှစ်သင်းအပြင် လိုအပ်ရင် ဈေးကွက်မှာ လက်တွန့်လေ့ မရှိတဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ငွေအသုံးဆုံး ဖြစ်လာမယ့် ကလပ်အဖြစ် နယူးကာဆယ်က ရေပန်းစား လာနေပါတယ်။

နယူးကာဆယ်ဟာ ဒီရာသီမှာ ခံစစ်ပိုင်း ကျစ်လစ်မှုဖြင့် နာမည်ရပေမယ့်လို့ နည်းပြ အတ်ဒီဟောင်က အရည်အချင်းရှိ တိုက်စစ်သမားအချို့ကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်လာနေပါပြီ။ ၎င်းတို့ဟာ ချယ်ဆီးမှ မေဆန်မောင့်၊ ဘာစီလိုနာမှ ရာဖင်ညာနဲ့ လီဗာပူးမှ ဂျိုတာတို့ကို တိုက်စစ်ပိုင်းအတွက် အားဖြည့်လိုပါတယ်။

ကြွယ်ဝတဲ့ ဘဏ္ဍာရေးနောက်ခံကို ပိုင်ဆိုင်ထားပေမယ့် ဥရောပ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် အသုံး စရိတ်ကြီး မထုတ်နိုင်သေးတဲ့ နယူးကာဆယ်ဟာ ဒီတိုက်စစ်သမား ၃ ဦးအတွက် ယူရို သန်း ၁၇၀ ဝန်းကျင်ထိ သုံးရနိုင်တာ ဖြစ်ပါတယ်။

ဇန်နဝါရီဈေးကွက်မှာ အဲဗာတန်ကနေ အန်တိုနီ ဂေါ်ဒန်ကို ခေါ်ယူထားတဲ့ နယူးကာဆယ်ဟာ လက်စတာ ကွင်းလယ်လူ မတ်ဒီဆန်ကိုလည်း မျက်စိကျနေပါသေးတယ်။ ချယ်ဆီး၊ လီဗာပူး၊ စပါးတို့ ရုန်းကန်နေရမှုကို အခွင့်အရေး ယူပြီး ထိပ်ဆုံး ၄ သင်းထဲ နေရာခိုင်မာလာဖို့ နယူးကာဆယ်တို့ အားထုတ်လိုနေပါတယ်။

နယူးကာဆယ်ဟာ ကစားသမား ခေါ်ယူမှုနဲ့ မသက်ဆိုင်ဘဲ သီးခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အစီအစဉ်အဖြစ် ၎င်းတို့ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပက်ခ်ကွင်းကို အကြီးစား တိုးချဲ့မှုတွေ ပြုလုပ်ဖို့လည်း အစီအစဉ် ရှိထားတာပဲ ဖြစ်ပါတယ်။