မက်ဆီနဲ့ တူသွားတဲ့ စံချိန် အပါအဝင် အီတီဟက်က ၇ဂိုးပြတ် ပွဲမှာ ဟာလန်းရသွားတဲ့ စံချိန်မှတ်တမ်းများ

မန်ချက်စတာစီးတီးအသင်းရဲ့ မနေ့ညက လိုက်ပ်ဇစ်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်း အီဟတ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ထို ပွဲရဲ့ အကောင်းဆုံးကစားသမား Man of the Match ဆုနဲ့ ဟက်ထရစ် ဘောလုံးကို ပိုင်ဆိုင်သွားနိုင်ခဲ့သလို စံချိန်တွေကိုလည်း ချိုးဖျက် သွားနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ သွင်းဂိုး ၅ ဂိုးကတော့ ချန်ပီယံလိဂ်ရဲ့ ပွဲတစ်ပွဲတည်းမှာ သွင်းယူတဲ့ အမြင့်ဆုံးစံချိန်ကို လိုက်မီသွားခဲ့တာဖြစ်သလို ဒီလိုမျိုးလုပ်ပြနိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၁-၁၂ ရာသီမှာ စံချိန်တင်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ ၂၀၁၄-၁၅ ရာသီမှာ လိုက်မီခဲ့တဲ့ ရှက်ခ်တာဒိုးနက်စ်ခ်တိုက်စစ်မှူး လူးဝစ်ဇ် အက်ဒရီယာနိုနဲ့ တူညီသွားနိုင်ခဲ့တာပါ။

ဟားလန်းအနေနဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၃၀ ကို အမြန်ဆုံးရရှိခဲ့တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပြီး သူ့ရဲ့ ၂၅ ပွဲ မြောက်မှာ သွင်းယူတဲ့ ပထမ ဂိုးနှစ်ဂိုးက စံချိန်တင်ရှိခဲ့တာဖြစ်သလို နောက်မှာ သွင်းယူခဲ့တဲ့ သုံးဂိုးကြောင့် ချန်ပီယံလိဂ်မှာ ၂၅ ပွဲ ကစားအပြီးမှာ ၃၃ ဂိုးအထိ တစ်ပွဲပျမ်းမျှ ၁.၃၂ ဂိုးနဲ့ အမြင့်မားဆုံး အချိုးကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နော်ဝေသားအနေနဲ့ သွင်းဂိုး ၃၀ ကို အသက်အငယ်ဆုံး ပြည့်မြောက်ခဲ့တဲ့ စံချိန်ကို အသက် ၂၂ နှစ်နဲ့ ၂၃၆ ရက် အရွယ်မှာ တင်ရှိလိုက်ပြီး ရှေ့က အာဂျင်တီးနား GOAT မက်ဆီရဲ့ ၂၃ နှစ် ၁၃၁ ရက်စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့သလို မြို့ခံပြိုင်ဘက်တိုက်စစ်မှူးဟောင်း ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းရဲ့ ၃၄ ပွဲနဲ့ ဂိုး ၃၀ ရတဲ့ စံချိန်ကိုလည်း ၉ ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဟားလန်းဟာ သွင်းဂိုး ၁၀ ဂိုးမြောက်နဲ့ ဂိုး ၂၀ မြောက်တွေကိုလည်း အမြန်ဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်တွေကို စိုက်ထူခဲ့ဖူးသလို ဂိုး ၃၀ မှာလည်း ဆက်လက်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ နှုန်းထား အရဆိုရင် နောက်ထပ် ဆယ်ပြည့်သွင်းဂိုးတွေနဲ့အတူ ချန်ပီယံလိဂ်ရဲ့ ဆရာကြီးတွေဖြစ်တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကိုလည်း ကျော်ဖြတ်သွားဖို့ရှိနေပါတယ်။

ချန်ပီယံလိဂ်စံချိန်တွေအပြင် သူ့အနေနဲ့ ဒီနေ့မှာ မန်ချက်စတာစီးတီးအသင်းရဲ့ စံချိန်ဟောင်းတစ်ခုကိုလည်း ချိုးဖျက် သွားနိုင်ခဲ့ပြီး ဒီအသင်းနဲ့အတူ ၉၄ နှစ်ကြာ တည်တံ့နေခဲ့တဲ့ ၁၉၂၈-၂၉ ရာသီက တွမ်မီ ဂျွန်ဆန် တင်ရှိခဲ့တဲ့ တစ်ရာသီ သွင်းဂိုး ၃၈ ဂိုး စံချိန်ကို ဒီနေ့မှာတော့ ၃၆ ပွဲကစား ၃၉ ဂိုးနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

တစ်ပွဲတည်းကို ၅ ဂိုးသွင်းခဲ့တဲ့ စံချိန်ကတော့ ဆာဂျီယို အဂွေရိုရဲ့ နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ်မှာ တင်ရှိ ထားခဲ့တဲ့ စံချိန်ကို လိုက်မီထားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ရခဲ့တဲ့ စံချိန်တွေကို အာလင်း ဟားလန်းတစ်ယောက် ပရီးမီးယားလိဂ်ကိုပါ ယူဆောင်လာနိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။