ဟက်ထရစ် နှစ်ထပ်ကွမ်း ယူချင်နေချိန်မှာ လူစားလဲခံရတဲ့ ဟာလန်းက ဘာပြောခဲ့သလဲ

တိုက်စစ်မှုး ဟာလန်းဟာ မန်ချက်စတာစီးတီးက လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၅ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့ပြီးနောက် ပွဲပြီး အင်တာဗျူးမှာ သူ လူစားလဲခံရတဲ့ အချိန်က ခံစားချက်ကို ခဲ့ပါတယ်။

ဂန်ဒိုဝမ်နဲ့ ဒီဘရိုင်းနားတို့လည်း ဂိုးသွင်းယူနိုင်ခဲ့ကြပေမယ့်လည်း ဟာလန်းက မိနစ် ၆၀ အတွင်းမှာ တစ်ဦးတည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယခုရာသီ သွင်းဂိုး ၃၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာကြောင့် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ မန်စီးတီး ကစားသမား ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဟာလန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာက နောက်ထပ် သမိုင်းတွင်မယ့် စံချိန်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် နှစ်ထပ်ကွမ်း အထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာမယ့် အခွင့်အရေးကို ၆၄ မိနစ်မှာ လူစားလဲလှယ်ခံရမှုကြောင့် လွဲခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ ဒီဘရိုင်းနားနဲ့ စကားပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် စိတ်ပျက်နေပုံပေါ်ခဲ့ပြီး ၎င်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာကို တစ်စုံတခု ပြောဆိုနေခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ BT Sport က ဂျိတ်ခ် ဟမ်းဖရီး၊ ဖာဒိနန်၊ အိုနူအိုဟာ၊ လက်စ်ကော့တ်တို့နဲ့ ပြုလုပ်ခဲ့တဲ့ ကွင်းဘေး အင်တာဗျူးမှာ ဟာလန်းက ဂွါဒီယိုလာကို ဘာပြောခဲ့လဲဆိုတာကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ချန်ပီယံလိဂ်မှာ ကစားရတာ တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲကို ချစ်မြတ်နိုးတယ်။ ကျွန်တော့်ရဲ့ စူပါ ပါဝါလား။ ၅ ဂိုးသွင်းပြီးနောက်မှာ ကျွန်တော် တွေးမိတာက ကျွန်တော် ဂိုးတွေ သွင်းယူဖို့ ပြောရမယ်။ ဒီနေ့ ဂိုးတွေ အများကြီး သွင်းယူခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။

ကျွန်တော် လူစားလဲခံရချိန်မှာ သူ့ကို(ဂွါဒီယိုလာ)ပြောခဲ့တယ်။ ကျွန်တော် ဟက်ထရစ် ၂ ကြိမ် သွင်းယူချင်တယ်လို့။ ဒါပေမယ့် ကျွန်တော် ဘာလုပ်နိုင်မှာလဲဗျာ”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ယူ-၂၀ အဆင့်တုန်းက ဟွန်ဒူးရပ်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နော်ဝေအသင်းအတွက် ၉ ဂိုးအထိ သွင်းယူခဲ့ဖူးပြီး အင်္ဂါနေ့ညပွဲစဉ်မှာ ဘောလုံးအကြိမ် ၃၀ သာ ထိခဲ့ပေမယ့်လည်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးရဲ့ သွင်းဂိုးဆာလောင်မှုက ကြောက်မက်ဖွယ် ကောင်းခဲ့တာဖြစ်ပါတယ်။