မန်စီးတီး ချန်ပီယံလိဂ် လမ်းကြောင်းမှာ ရှောင်ရမယ့် အသင်းတွေ အမည် ပြောသွားတဲ့ ဖာဒီနန်နဲ့ ဟားဂရေ့ဗ်

ချန်ပီယံလိဂ် မဲခွဲပွဲမှာ မန်စီးတီး ရှောင်လွှဲဖို့ မျှော်လင့်နေမယ့် အသင်း၂သင်းပဲရှိတယ်လို့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

စီးတီးဟာ လိုက်ပ်ဇစ်ကို နှစ်ကျော့ပေါင်း ၈-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ကွာတားဖိုင်နယ်ကို တက်သွားခဲ့တာပါ။
ပက် ဂွာဒီယိုလာရဲ့အသင်းဟာ လွန်ခဲ့တဲ့ ၂ရာသီအတွင်း အောင်မြင်မှုနဲ့ အတော်လေး နီးစပ်ခဲ့ပြီးနောက် ဒီရာသီမှာတော့ ဖလားကိုင်မြှောက်နိုင်တော့မယ်လို့ အများက ခန့်မှန်းထားကြပေမယ့် အခုကစပြီး ပွဲတွေက ပိုခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

စီတီဇန်တွေဟာ သောကြာနေ့မှာ သူတို့ရဲ့ ကွာတားဖိုင်နယ်ပြိုင်ဘက်ကို သိရတော့မှာဖြစ်ပြီး လက်ရှိမှာတော့ ချယ်ဆီး၊ ဘိုင်ယန်၊ အေစီမီလန်၊ ဘင်ဖီကာ၊ အင်တာမီလန်၊ ရီးရဲလ်၊ နာပိုလီ တို့ ကွာတားတက်ထားတာပါ။

ဒါပေမယ့် လိုက်ပ်ဇစ်နဲ့ပွဲက စီးတီးရဲ့ အုတ်အော်သောင်းတင်း ဖြစ်လောက်တဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရပြီးနောက် မန်စီးတီးကို ဆီမီးဖိုင်နယ်မရောက်အောင် တားဆီးနိုင်တဲ့ အသင်းနှစ်သင်းပဲရှိတယ်လို့ ဖာဒီနန်က ထင်မြင်နေပါတယ်။

“စီးတီးကတော့ တွေးနေလိမ့်မယ်။ ‘ဘိုင်ယန်ကိုရှောင်၊ နာပိုလီကိုရှောင်။ ကျန်တာအေးဆေး” ပေါ့။ သူတို့မှာ အသင်းကောင်းရှိတယ်။ ဒီအဆင့်မှာ အတွေ့အကြုံတွေရှိတယ်။ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို နာကျင်စေနိုင်တဲ့ ကစားသမားတွေရှိတယ်”လို့ ဖာဒီနန်က ဆိုပါတယ်။

အိုဝင်ဟားဂရေ့ဗ်ကလဲ ဖာဒီနန်ကို ထောက်ခံခဲ့ပြီး စီးရီးအေဇယားထိပ်က အသင်းတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

“စီးတီးက ဒီလိုမျိုး ကစားမယ်ဆိုရင် ဘယ်သူ့ကိုမှ စိုးရိမ်စရာမလိုပါဘူး။ သူတို့တွေ ဘင်ဖီကာ၊ အေစီမီလန်၊ အင်တာ မီလန်တို့ကိုပဲ စိုးရိမ်ဖို့လိုပါတယ်။ အတော်များများ ထင်မထားကြတဲ့အသင်းက နာပိုလီပဲ။

သူတို့ကလဲ မထင်မှတ်တဲ့ ခြိမ်းခြောက်မှုရှိပါတယ်။ သူတို့က စီးတီးကို ဒုက္ခပေးနိုင်တယ်။ သူတို့ဟာ ဒီရာသီ ဥရောပမှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး၊ ထိပ်တန်းဂိုသွင်းရှင်တွေလဲဖြစ်တယ်။ သူတို့ကို လေးစားရကောင်းမှန်းမသိရင် သူတို့ပွဲတွေကိုကြည့်လိုက်ပါ။ သူတို့တွေ တကယ်ပဲ ချန်ပီယံလိဂ်တောင် ရသွားနိုင်လောက်တယ်”လို့ ဟားဂရေ့ဗ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။