မန်စီးတီး ချန်ပီယံလိဂ် မရခဲ့သေးတာ ဟာလန်းကြောင့် မဟုတ်ဘူး ငြင်းချက်ထုတ်လာတဲ့ ပက်

တိုက်စစ်မှုး အာလင်း ဟာလန်းဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ ၅ဂိုးသွင်းယူခဲ့ပေမယ့်လဲ အရင်ရာသီတွေအတွင်း စီးတီးရဲ့ ချန်ပီယံလိဂ် ကျရှုံးမှုတွေမှာ ဟာလန်းရဲ့ဂိုးတွေကို လိုအပ်ခဲ့တာဖြစ်တယ်ဆိုတာကို ပက်ဂွာဒီယိုလာက ငြင်းပယ်ခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဟာလန်းကို ကြီးကျယ်တဲ့ အရည်အချင်းရှိသူတစ်ယောက်အဖြစ် ချီးကျူးခဲ့ပေမယ့် ယခင်ရာသီအတွင်း စီးတီးရဲ့ ချန်ပီယံဖလား ကျရှုးမှုတွေဟာ သွင်းဂိုးတွေ အလုံအလောက် မရလို့မဟုတ်ပဲ ခံစစ် အားနည်းချက် တွေကြောင့်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အရင်ရာသီတွေတုန်းက စီးတီးဟာ ဟာလန်းရဲ့ယခုလို သွင်းဂိုးတွေကို လိုအပ်နေခဲ့တာလားလို့ မေးမြန်းခဲ့ရာ ပက်ဂွာဒီယိုလာက ခုလို ဖြေကြားခဲ့တာပါ။
“ကျွန်တော် အဲ့လိုမထင်ပါဘူး။ ဘာလို့လဲဆိုတဲ့ အကြောင်းရင်းက ကျွန်တော်တို့က ပြိုင်ဘက်တွေကို ဂိုးတွေအများကြီး ခွင့်ပြုလိုက်ရလို့ပါ။ ကျွန်တော်တို့ ရီးရဲလ်မက်ဒစ်ကို ၄ဂိုး၊ မိုနာကို ကို ၆ဂိုး၊ စပါးကို ၄ဂိုး သွင်းခဲ့ပါတယ်။ အချိန် တော်တော်များများမှာ ကျွန်တော်တို့ ကျရှုံးခဲ့တဲ့အကြောင်းရင်းက ဂိုးတွအများကြီး ပေးလိုက်ရလို့ပါ။
အခုချိန်မှာ ဒီကောင်လေးတွေက ကောင်းကောင်း ခုခံကစားနေကြတယ်။ အရင်က ဂိုးတွေသွင်းဖို့အတွက် ကျွန်တော်တို့မှာ အဂွဲရိုး ရှိခဲ့ပြီးသားပါ”လို့ ဖြေကြားခဲ့ပါတယ်။
ရှုံးထွက် အဆင့် အစောပိုင်းသာ ရှိသေးပေမယ့်လဲ ဂွာဒီယိုလာအသင်းရဲ့ လွှမ်းမိုးထားနိုင်တဲ့ ကစားပုံကြောင့် ကလပ် သမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ရနိုင်မှာလားဆိုတဲ့ ထင်ကြေးပေးမှုတွေ စဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် စီးတီးဟာ ယခင်ကတည်းက ချန်ပီယံလိဂ် နောက်ပိုင်းအဆင့်တွေမှာ ကျရှုံးခဲ့တာဖြစ်သလို ပိုခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။