မန်စီးတီးနဲ့ အာဆင်နယ်တို့ နှစ်သင်းထဲ ဘယ်အသင်း ပရီးမီးယားလိဂ် ဖလားရတာ မြင်ချင်လဲ ဖာဂူဆန် တုန့်ပြန် ဖြေကြား

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဘယ်အသင်းကို အနိုင် ရရှိစေချင်လဲဆိုတာကို ပြီးပြည့်စုံတဲ့ အဖြေပေးသွားခဲ့ပါတယ်။
နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ လက်ရှိအချိန်အထိ မျှော်မှန်းချက်တွေကို ဆန့်ကျင်ပြခဲ့ပြီး ရာသီကုန်ဖို့ ၁၁ ပွဲသာ လိုတော့တဲ့အချိန်မှာ ဒုတိယနေရာက မန်စီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ သရဲနီတွေအနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲထဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း လီဗာပူးလ်ကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီ မျှော်လင့်ချက်က အဆုံးသတ် သွားခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကို ITV က ချယ်လ်တန်ဟမ် ပွဲတော်မှာ ဘယ်အသင်းကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရရှိသွားစေချင်လဲ၊ မန်စီးတီးလား အာဆင်နယ်လားလို့ မေးမြန်းခဲ့ရာမှာ စကော့လူမျိုးနည်းပြကြီးက တုံ့ပြန်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီးက ဘယ်အသင်းက အမှတ်ပေးဖလားကို ရရှိသွားမလဲဆိုတာကို ” ကျနော် စိတ်မဝင်စားဘူး။ ” လို့ ယတိပြတ် တုန့်ပြန်ခဲ့ပါတယ်။
အချို့ကတော့ ဂွါဒီယိုလာရဲ့အသင်းက ၎င်းရဲ့ ၃ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ မှတ်တမ်းကို လိုက်မီသွားမှာဖြစ်တာကြောင့် ဂန်းနားတွေကို မန်စီးတီးထက်စာရင် ဖလားရရှိစေချင်လိမ့်မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်ခဲ့မှာ ဖြစ်ပေမယ့်လည်း မြောက်လန်ဒန်သားတွေနဲ့လည်း သမိုင်းကြောင်းတွေရှိခဲ့တာဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြဘဝအတွင်းမှာ မန်ချက်စတာစီးတီးအသင်းထက် အာဆင်နယ်နဲ့ ပိုမိုကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက မြို့ခံပြိုင်ဘက် မန်စီးတီးဟာ အမှတ်ပေးဇယား အလယ်နားက အသင်းတစ်သင်းထက် မပိုခဲ့သလို ချန်ပီယံရှစ်မှာတောင် အကြိမ်ပေါင်းများစွာ ကစားခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အဲဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်ရဲ့ ကမ္ဘာ့ရန်ဖြစ်ပြီး ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့ဟာ ဆုဖလားတွေအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။