မန်စီးတီး Vs ဘန်လေ၊ ပက် Vs ကွန်ပနီ တို့ ထိပ်တိုက်တွေ့တဲ့ အက်ဖ်အေ ကွာတားပွဲ အတွက် ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာစီးတီး အသင်းဟာ ဒီအပတ်မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဘန်လေ အသင်းကို ဒီနေ့ည ၁၂း၁၅ နာရီမှာ ဧည့်ခံမှာ ဖြစ်ပါတယ်။

ချန်ပီယံရှစ်မှာ ခြေစွာနေတဲ့ ဘန်လေ အသင်းကို နည်းပြနေသူက စီးတီး ကစားသမားဟောင်းကြီး ကွန်ပနီ ဖြစ်တာကြောင့် ဒီပွဲ အပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ ပက် ဂွာဒီယိုလာ ကိုယ်တိုင်က ကွန်ပနီ ဟာ တချိန်မှာ စီးတီး နည်းပြ ဖြစ်လာမယ် လို့ ချီးကျူး ဟောကိန်း ထုတ်ထားခဲ့တာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က စီးတီးနဲ့ ဘန်လေတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ချက်စတာစီးတီး နည်းပြ ပက် ဂွာဒီယိုလာက အက်ဖ်အေဖလား ပွဲတွေမှာ လျှော့ပေါ့ ကစားလေ့ မရှိတာကြောင့် ဒီပွဲမှာလည်း တောင့်တင်းတဲ့ အသင်းကို ပွဲထုတ်လာမှာပါ။

ဘန်လေက ချန်ပီယံရှစ်မှာ ၁၃ မှတ် ဖြတ်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့က ပွဲရလဒ်ကောင်းတွေတင် ရယူနိုင်တာ မဟုတ်ဘဲ ဘောလုံး ကိုလည်း ကောင်းကောင်း ကစားနေတာပါ။

ဒီပွဲက အပြန်အလှန် ဖွင့် ကစားနိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် စီးတီးကတော့ သူတို့အတွက် အားကောင်းလွန်းတဲ့ ပြိုင်ဘက် ဖြစ်နေတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး 3-1 ဘန်လေ ဖြစ်ပါတယ်။