ဂိုးတွေ စွတ်သွင်းနေရင် ဟာလန်း အနာဂတ်မှာ ပြဿနာ ဖြစ်တော့မယ် လို့ ဂွာဒီယိုလာ ညည်းညူ
မန်စီးတီကြယ်ပွင့် ဟာလန်းဟာ ပွဲတိုင်းကို အနည်းဆုံး ၃ဂိုးသွင်းဖို့ မျှော်လင့်ခံရတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ နည်းပြ ပက်ဂွာဒီယိုလာက သတိပေးခဲ့ပါတယ်။
လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ၅ဂိုးသွင်းပြီး ဘန်လေနဲ့ပွဲမှာ ၃ဂိုးထပ်သွင်းခဲ့တဲ့ ဟာလန်းဟာ ဒီလို မယုံနိုင်စရာ ခြေစွမ်းကြောင့်ပဲ ဒုက္ခရောက်သွားနိုင်ပြီး ကြီးမားတဲ့ မျှော်လင့်ချက်တွေရဲ့ သားကောင်ဖြစ်လိမ့်မယ်လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာပါ။
“ဒီကောင်လေးကတော့ အနာဂတ်မှာ ပြဿနာဖြစ်လာတော့မယ်။ လူတွေက ပွဲတိုင်း သူ့ကို သုံးလေးဂိုး သွင်းဖို့ မျှော်လင့်ထားကြမှာ။ အဲ့လိုက အမြဲဖြစ်မှာမဟုတ်ဘူးလေ။ ကျွန်တော် သူ့အကြောင်းသိပါတယ်။ သူက ဂရုမစိုက် တတ်ဘူး။ သူ့ဘဝသူ သိပ်အကောင်းမြင်တတ်တယ်။ ဘယ်တော့မှ စောဒကမတက်ဘူး။
သူလုပ်စရာရှိတာပဲလုပ်တယ်။ သူက မယုံနိုင်စရာ ခြိမ်းခြောက်မှု၊ အင်အားတစ်ခုဖြစ်ပြီး သူ့ဘဝမှာ ပျော်ပျော်နေပြီး အကောင်းမြင်တတ်တာက အကူအညီဖြစ်စေပါတယ်”လို့ ဂွာဒီယိုလာက ဆိုပါတယ်။
ဟာလန်းဟာ အခုဆိုရင် ပြိုင်ပွဲစုံ ၄၂ဂိုး သွင်းယူထားပြီးဖြစ်ပြီး လက်ရှိချန်ပီယံတွေအတွက် ၃၇ပွဲသာ ကစားပေးထားတာ ဖြစ်ပါတယ်။
သူဟာ ဒီရာသီ ပြိုင်ပွဲစုံ ဟက်ထရစ် ၆ကြိမ် ရရှိခဲ့ပြီး ဒါဟာာ ပရီးမီးယားလိဂ်က ကစားသမားအားလုံးပေါင်း ဟက်ထရစ် အရေအတွက်ထက် ပိုများပါတယ်။
ဂွာဒီယိုလာကတော့ ဧပြီ ၁ရက်မှာ လီဗာပူးနဲ့တွေ့တဲ့အခါ ဟာလန်းရဲ့ အကောင်းစား ဂိုးသွင်းခြေစွမ်းကို ဆက်လက် မြင်တွေ့ရဖို့ မျှော်လင့်နေပါလိမ့်မယ်။