မန်စီးတီးထံ အရမ်း ပြောင်းချင်ခဲ့ပေမယ့် မန်ယူကို ဘာလို့ ရွေးဖြစ်ခဲ့လဲ နောင်တနဲ့ ဖွင့်ဟလာတဲ့ ဆန်းချက်ဇ်

အလက်ဆစ် ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အစား မန်ချက်စတာစီးတီးကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အခုလောက်ဆိုရင် ချန်ပီယံလိဂ်ဖလား ရရှိနေခဲ့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အမ်ခီတာယန်နဲ့ အလဲအထပ်အဖြစ် အာဆင်နယ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်မှာ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘဲ ၄၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ရာမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန်ကို အငှားနဲ့ ထွက်ကစားပြီးနောက် ၂၀၂၁ ခုနှစ်မှာ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
လက်တလောမှာတော့ ဆန်းချက်ဇ်က မန်ချက်စတာယူနိုက်တက်အစား မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဂွါဒီယိုလာက နူးကမ့်မှာ အလုပ်အတူတူ တွဲလုပ်ဖူးခဲ့တဲ့ ကစားသမားဟောင်းနဲ့ ပြန်လည် ဆုံစည်းချင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် မန်စီးတီးကို သွားတော့မလို့ပါပဲ။ ကျွန်တော် ဂွါဒီယိုလာနဲ့ နေ့တိုင်း စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ပြောခဲ့တယ်။ သူက ကျွန်တော့် အဖေလိုမျိုးပဲ။ သူက ဘာစီလိုနာမှာတုန်းက ကျွန်တော့်ရဲ့ ဖခင်ဖြစ်ခဲ့ပြီး စီးတီးမှာလည်း ကျွန်တော့်ရဲ့ ဖခင်လိုမျိုး ဖြစ်ခဲ့မှာပါ။ ကျွန်တော်တို့ စကားပြောခဲ့တယ်။ နေ့တိုင်း စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို မက်ဆေ့ချ်တွေ ပို့ခဲ့တယ်။ အရာအားလုံးက အဆင်သင့်ပဲ။
အဲဒီမှာ အာဆင်နယ်ကို သွားမယ့် ကစားသမား ရှိနေခဲ့တယ်။ အဲဒီတုန်းက ဝင်းဂါးက ကျွန်တော့်ကို မင်း မသွားရဘူး။ ဘာလို့လဲဆိုတော့ တခြားကစားသမားက အာဆင်နယ်ကို မလာချင်လို့ သူတို့ဆီမှာ နောက်ထပ် ကစားသမား မရှိဘူးလို့ ပြောခဲ့တယ်။
ရုတ်တရက်ပဲ ဖုန်းမြည်လာတယ်။ မော်ရင်ညိုက ကျွန်တော့်ကို အလက်ဆစ်ရေ မင်းအတွက် ကျောနံပါတ် ၇ ဒီမှာ ပေးနိုင်တယ်တဲ့။ အဲဒါက ငွေကြေးနဲ့မဆိုင်ပါဘူး။ အဲဒီတော့ အားလုံးလည်း သိလောက်ပါပြီ။ မန်ယူနိုက်တက်ပဲ ပြောင်းပြောင်း၊ မန်စီးတီးပဲပြောင်းပြောင်း ပိုက်ဆံက အတူတူရမှာပါ။
မော်ရင်ညိုက ကျွန်တော့်ကို ဒီမှာ ကျောနံပါတ် ၇ ပေးမယ်။ ငါတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာ ကစားနေတယ်။ ငါတို့တွေ အရာအားလုံးကို ပေးသွားမယ်လို့ ပြောခဲ့တယ်။ ကျွန်တော် အဲဒီအချိန်မှာ ထွက်ချင်ခဲ့ပေမယ့် ကျွန်တော့် မှာလည်း ဂွါဒီယိုလာနဲ့ ပြောပြီးဆိုပြီးသားဖြစ်နေတယ်။
အဲဒီအချိန်မှာ ကျွန်တော့်ဘာသာ ကျွန်တော် ပြောခဲ့တာက မန်ချက်စတာယူနိုက်တက်အတွက် ချီလီဘောလံးသမား ကစားပေးတာမျိုးက အရင်တုန်းက ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။
ကန်တိုနာ၊ ဘက်ဟမ်း၊ ရော်နယ်လ်ဒိုတို့ရဲ့ ကျောနံပါတ် ၇ ကို ချီလီကစားသမားက ဝတ်ဆင်ရမယ်။ အဲဒါက အိပ်မက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာ နောင်တမရပါဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်တာပါ။
ကျွန်တော် စီးတီးကို သွားချင်ခဲ့လားဆိုရင် သွားချင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခုလောက်ဆို ချန်ပီယံလိဂ်ဖလား ရလောက်ပါပြီ။ ဗိုလ်လုပွဲမှာ(၂၀၂၁ ချန်ပီယံလိဂ်)မှာ ကျွန်တော်သာရှိရင် တစ်ခုခုတော့ လုပ်ခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။