ရိုဒရီက မန်စီးတီးက ဖြစ်လို့ အိုဒီဂတ် ကို တမင် နာအောင် လုပ်တယ် စွပ်စွဲနေကြတဲ့ အာဆင်နယ်ဖန်များ

စနေနေ့ညက စပိန်အသင်းရဲ့ နော်ဝေအသင်းကို ၃-၀ နဲ့ အနိုင်ရတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အာဆင်နယ် အသင်းခေါင်းေ်ဆာင် အိုဒီဂတ်ဟာ စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်ခြင်း ခံရလို့ အာဆင်နယ် ပရိသတ်တွေကတော့ အမျက်ထွက်နေပါတယ်။
ရိုဒရီရဲ့ ဒီလုပ်ရပ်ဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် လမ်းကြောင်းကို အခက်တွေ့စေဖို့ တမင် လုပ်တာလို့ အာဆင်နယ် ပရိသတ်တွေက ဒေါသတကြီး စွပ်စွဲနေကြကာ မန်စီးတီး ပရိသတ်တွေကတော့ ရိုဒရီဘက်က ကာကွယ်ပြောဆိုနေကြပါတယ်။
ပွဲအစ ၁၃ မိနစ်မှာတင် စပိန်အသင်းက ဦးဆောင်ဂိုးရခဲ့တာဖြစ်ပေမယ့် စပိန်ကွင်းလယ်လူ ရိုဒရီရဲ့ ဧရိယာအတွင်း ပြင်းထန်တဲ့ ဘောလုံးရှင်းထုတ်မှုဟာ သိသာထင်ရှားတဲ့ အနေအထားဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပင်နယ်တီ မရခဲ့သလို အိုဒီဂတ်ကလည်း ကံကောင်းလို့ ဒဏ်ရာ ရနိုင်တဲ့ အနေအထားက ကင်းလွတ် ခဲ့ပါတယ်။
အာဆင်နယ် ပရိသတ်တွေကတော့ ပွဲမပြီးခင် ရိုဒရီ ဖြတ်ထုတ်မှု လုပ်ပြီးတည်းက လူမှုကွန်ယက်မှာ ပြောဆို ဝေဖန်မှုတွေ စတင် နေခဲ့ပါတယ်။
အာဆင်နယ် ပရိသတ် တစ်ဦးက ” ရိုဒရီက အိုဒီဂတ် အပေါ် ဆိုးဝါးတဲ့ ဖြတ်ထုတ်မှု လုပ်လိုက်တာပဲ၊ ပင်နယ်တီ မပေးတာလည်း အံ့သြစရာနော်။ ရိုဒရီက ပက်ရဲ့ အမိန့်အတိုင်း ငါတို့ ကပ္ပတိန်ကို ဒဏ်ရာ ရအောင် တမင် လုပ်နေတာလား ?” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
အခြား တစ်ယောက်ကလည်း ” အိုဒီဂတ်ကတော့ ပင်နယ်တီ ရမယ့် ကိစ္စ အရှင်းကြီး ငြင်းခံလိုက်ရတာပဲ။ ရိုဒရီကတော့ အနီကတ် ရနိုင်တဲ့ ဖြတ်ထုတ်မှု လုပ်ပြီး အာဆင်နယ်ရဲ့ ဖလားလမ်းကြောင်းကို ထိခိုက်အောင် လုပ်တာ၊ တကယ်ကို ဒေါသထွက်စရာပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။
ဒီလို ဝိုင်းဝန်းပြောဆိုမှုတွေ ကို မန်စီးတီး ပရိသတ်တွေကလည်း ငြိမ်သက်မနေဘဲ ခွန်းတုန့်ပြန်မှုတွေ ရှိခဲ့ပါတယ်။
မန်စီးတီးပရိသတ် တစ်ဦးက ” ရိုဒရီက ကီဗင် ဒီဘရိုင်းလို ဖြစ်ချင်နေတဲ့ ကောင်လေးကို ဧည့်ခံလိုက်တာပဲလေ။ ” လို့ ခပ်ရွဲ့ရွဲ့ ပြောဆိုခဲ့ပါသေးတယ်။
အိုဒီဂတ် ကိုယ်တိုင်ကတော့ ကွင်းလယ်ဒိုင်ဖြစ်တဲ့ ပြင်သစ်သား ဒိုင်လူကြီး Benoit Bastien ကို သဘော မကျကြောင်းကို ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။