ဟာလန်းကိုရော အမ်ဘာပေ ကိုပါ မဖြုံဘူး ဆိုတဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ အူပါမယ်ကာနို
ဘိုင်ယန်မြူးနစ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ နောက်ခံကစားသမား ဒေးယော့ အူပါမယ်ကာနိုက သူ့အနေနဲ့ ကီလီယန်အမ်ဘာပေ အာလင်းဟာလန်းတို့လို ထိပ်တန်း တိုက်စစ်ကစားသမားတွေနဲ့ ရင်ဆိုင်ဖို့ ဖြုံနေမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
လိုက်ပ်ဇစ် နောက်ခံလူဟောင်း အူပါမယ်ကာနိုဟာ အရည်အသွေးမြင့် နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်ရဲ့ခံစစ်မှာ နယ်သာလန် နောက်ခံလူ ဒီလစ်နဲ့ တွဲဖက်ကာ အကောင်းဆုံး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဒါ့အပြင် ပြင်သစ်အသင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ အူပါမယ်ကာနိုက သူ့အနေနဲ့ မကြာခင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရတော့မယ့် ဟာလန်း့နဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် အချိန်မှာ ရှိန်နေ ဖြုံနေမှာ စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။
“ဘာပေ၊ ဟာလန်းတို့နဲ့ ရင်ဆိုင်သွားရဖို့အတွက် ကျွန်တော် စိုးရိမ်တကြီး ဖြစ်ပြီး အိပ်ရေးတွေ ပျက်နေမှာ မဟုတ်ဘူး။ ဒီလို ထိပ်တိုက် တွေ့ဆုံမှုတွေကို ကျွန်တော် နှစ်သက်ပါတယ်။
ကျွန်တော်က ဘောလုံးကစားရင် ဒီလို အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားချင်တာ။ ဒီလို ကစားနည်း သာလျှင် ကိုယ်ရဲ့ ဘောလုံးစွမ်းရည်ကို ပိုမို တိုးတတ်စေနိုင်တာပါ” လို့ အူပါမယ်ကာနိုက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။
ဘိုင်ယန် နောက်ခံလူ အူပါမယ်ကာနိုဟာ ဘိုင်ယန် နဲ့ ပီအက်စ်ဂျီအသင်းတို့ ချန်ပီယံလိဂ် (၁၆)အသင်းအဆင့်မှာ ဆုံတွေ့ခဲ့စဉ်တုန်းက ဘာပေနဲ့ နှစ်ကျော့စလုံး ရင်ဆိုင် ကစားခဲ့ရသလို ကွာတားမှာလည်း ဟာလန်းနဲ့ပါ ထပ်မံ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဟာလန်းနဲ့ အူပါမယ်ကာနိုတို့ဟာ ဟာလန်း ဒေါ့မွန်အသင်းမှာ ပါဝင်နေစဉ်တုန်းကလည်း မကြာခဏ ထိပ်တိုက် ဆုံတွေ့ဖြစ်ခဲ့ကြပါသေးတယ်။