အာဆင်နယ်ကို ကျော်ပြီး ဒီရာသီ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သလား အဂွဲရိုး သုံးသပ်

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို ဖြုတ်ချသွားလိမ့်မယ်လို့ စီးတီး တိုက်စစ်မှုးဟောင်း ဆာဂျီယို အဂွဲရိုးက ထောက်ခံခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ၈မှတ်သာရထားပေမယ့် ပက်ဂွာဒီယိုလာရဲ့အသင်းဟာ တစ်ပွဲလျော့ကစားထားသလို ဧပြီ ၂၆ ရက်မှာ အာတီတာနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေသေးတာပါ။

စီးတီးနဲ့ ၁၀ ရာသီအတွင်း ပရီးမီးယားလိဂ် ၅ကြိမ် ရခဲ့တဲ့ ကလပ်စံချိန်တင်ဂိုးသွင်းရှင် အဂွဲရိုးကတော့ သူ့ အသင်းဟောင်းရဲ့ ဖလားပြိုင်ပွဲ အတွေ့အကြုံတွေဟာ အာဆင်နယ်ထက် အသာရသွားစေနိုင်တယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။

“အာဆင်နယ်က သိပ်ကို ခြေငြိမ်နေတယ်။ အာတီတာရဲ့ အရည်အချင်းကို ကျွန်တော် လေးစားပါတယ်။ သူက သူ့အသင်းကို ဘယ်လိုခြေပေါ်အောင် လုပ်ရမလဲ၊ ဆာလောင်နေတဲ့ လူငယ်ကစားသမားတွေကို ဘယ်လိုအသုံးချရင် ပိုကောင်းမလဲဆိုတာ သိတယ်။

ဒါပေမယ့် ကျွန်တော်တို့ကလဲ အရှိန်မြှင့်ပြီး သူတို့နောက်ကနေ အနီးကပ် ဖိအားပေးနေတာပါ။ ပွဲပန်းတာတွေ၊ အတွေ့အကြုံစမ်းသပ်တာတွေကြောင့် ဖလားပြိုင်ပွဲက နောက်ဆုံးအချိန်ထိ အသက်ဝင်နေတာပါ။ သေချာတစ်ခုက စီးတီးဟာ အဆုံးသတ်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတာပဲ။

ဒါက ကျွန်တော်တို့ရဲ့ DNA ထဲမှာ ရှိနေတာ။ ကျွန်တော်တို့အသင်းက အာဆင်နယ်ကို ကျော်တက်ပြီး နောက်ထပ် ဖလားရသွားဖို့ မျှော်လင့်ပါတယ်”လို့ အဂွဲရိုးက ဆိုပါတယ်။

အဂွဲရိုးဟာ စီးတီးအတွက် ပွဲဦးထွက်ရာသီမှာ စံချိန်တင် ၂၄ဂိုး သွင်းထားတဲ့ ဟာလန်းနဲ့ တိုက်စစ်တွဲဖက်အဖြစ် ကစားခွင့်ရခဲ့ရင် ကောင်းမယ် လို့လဲ ဖွင့်ဟခဲ့ပါတယ်။

“အဲ့လိုသာဆို ကောင်းမှာပဲ။ ဟုတ်တယ်မလား။ ကျွန်တော်တို့တွေက တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ တွဲဖက်တွေ ဖြစ်မယ်ထင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။