ဒီအပတ် မန်စီးတီး – လီဗာပူး တို့ ထိပ်တိုက်တွေ့တဲ့ ပွဲ အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်
ဒီအပတ် ပြန်ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေထဲက မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်း အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန် က ” ဒီပွဲက မန်ချက်စတာ စီးတီး အတွက် တကယ့် ပွဲကြီးပါ၊ သူတို့ ခြေချော်လို့ မှားယွင်းလို့ မရတဲ့ ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ အမှတ်လျော့ရင် သူတို့ အာဆင်နယ်နောက် ၁ဝ မှတ် အကွာ ရောက်သွားပါမယ်။
စီးတီးသာ ဒီပွဲနိုင်ရင် ဖိအားက အာဆင်နယ် အပေါ်ပဲ ရောက်သွားမှာပါ။ ခင်ဗျားသာ အာဆင်နယ် ဖန် တစ်ယောက် ဆိုရင် ဒီပွဲမျိုးက စီးတီးခြေချော်မယ် မျှော်လင့်ရမယ့် ပွဲမျိုးပါ။
လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာရမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကောင်တာကနေ သူတို့ မြန်နှုန်းတွေကို သုံးပြီး ဆာလာ၊ နူညက်ဇ်၊ ဂတ်ပိုတို့နဲ့ တိုက်စစ်ဆင်ပါလိမ့်မယ်။ မန်ချက်စတာ စီးတီးကလည်း နောက်တန်းမှာ နေရာလွတ်တွေ ကျန်လေ့ ရှိပါတယ်၊ ဒါကို လီဗာပူးတို့ ဝင် ချေမှုန်းရမှာပါ။
လီဗာပူးအသင်းက ဘယ်လို ရလဒ်တွေ ထွက်လာမလဲ ဆိုတာ ယာဂင်ကလော့ပ် ကိုယ်တိုင်တောင် မသိနိုင်ပါဘူး။ တစ်ပွဲမှာ ယူနိုက်တက်ကို အပြတ် ချေမှုန်းခဲ့တယ်၊ နောက်ပွဲကျ ဘုန်းမောက်ကို ရှုံးပြန်တယ်။
စီးတီးနဲ့ ပွဲသာ ရှုံးလိုက်တယ် ဆိုရင် နောက်အပတ် အာဆင်နယ်ကို သူတို့ အနိုင်ကန်ရင်လည်း ကန်ပြန်လိမ့်မယ်။ လီဗာပူး အနေနဲ့ကတော့ top four ထဲ ဝင်ဖို့ ဒီနှစ်ပွဲလုံး နိုင်မှ ရလဒ်ကောင်း ရတယ် လို့ ဆိုရပါမယ်။
လီဗာပူးကတော့ ထရန့် အလက်ဇန်းဒါး အာနိုးကြောင့် ဒီရာသီမှာ အခုထိကို ကောင်းကောင်း ခြေ မတွေ့သေးပါဘူး။ သူက ဝိုင်း ပြောဆိုတာတွေလည်း အတော် ခံရပါတယ်။ ဒီအခြေအနေကို လီဗာပူး ဘယ်လို ကိုင်တွယ်မလဲ ကျနော်တော့ မပြောတတ်ဘူး။ ထရန့်နဲ့ အတူပဲ သူတို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တာ။
ဒီပွဲ ကစားဖို့ ဟာလန်း ကြံ့ခိုင်မှု မပြည့်သေးဘူး ဆိုရင် အံ့သြရမှာပဲ၊ သူက နိုင်ငံတကာ သီတင်းပတ်ကနေတောင် နှုတ်ထွက် ပြန်လာခဲ့တာ။ ဒီပွဲမှာ လီဗာပူး ဘယ်လောက် အားထုတ်မလဲတော့ မပြောတတ်ဘူး၊ ဒါပေမယ့် ကျေနာ်ကတော့ မန်စီးတီးဘက်ကနေပဲ နေချင်တယ်။ သူတို့ ဒီအပတ် နိုင်ပွဲကြီး ရပြီး ၃ မှတ်ပြည့် ယူမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။
ဆရာကြီး ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၂-ဝ လီဗာပူး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် စနေနေ့ ညနေ ၆ နာရီ၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။