မန်စီးတီးနဲ့ ပွဲမှာ ရလဒ်ကောင်း ယူဖို့ လီဗာပူးအသင်းသားတွေအား လှုံ့ဆော်နေတဲ့ ရော်ဘတ်ဆန်

လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန်က သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် ရမှတ်တွေ ထပ်ဆုံးရှုံးလို့ မရတော့တာကြောင့် စနေနေ့မှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်း ယူရမယ် လို့ ပွဲကြို ပြောဆိုသွားပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ် ၂၈ အပြီးမှာ ရမှတ် ၄၂မှတ်သာ စုဆောင်းထားနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၆) နေရာ အထိ ရောက်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် စပါး ၊ နယူးကာဆယ် စတဲ့ အသင်းတွေနဲ့ ပြိုင်ဆိုင်ရပါဦးမယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆုံးအဖြတ် ပေးမယ့် ကာလကတော့ ယခု ရက်သတ္တပတ် ဖြစ်ပြီး လီဗာပူးဟာ ဧပြီလ ၁ရက်နေ့ ကနေ ၉ရက်နေ့ အတွင်း မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ အာဆင်နယ် စတဲ့ ထိပ်သီး အသင်းတွေနဲ့ တောက်လျှောက် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

အဆိုပါ ၃ပွဲမှာသာ ရမှတ် ၉မှတ် အပြည့် စုဆောင်းနိုင်ခဲ့ရင် လီဗာပူးရဲ့ ချန်ပီယံလိဂ် အိမ်မက်ဟာ အသက်ဝင်လာမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ရော်ဘတ်ဆန်က ဒီအပတ် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ပွဲမှာ ရလဒ်ကောင်း တခု ရအောင် အာရုံစိုက် ကစားကြဖို့ အသင်းဖော်တွေကို တွန်းအားပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်က – “ကျွန်တော်တို့ကို စိတ်ဓာတ် တက်စေတဲ့ အကြောင်းပြချက်တွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ခဲ့တုန်းကလိုပဲ ပြိုင်ဘက်တွေကို စိတ်ဓာတ်အပြည့်နဲ့ ကစားသွားမှာပါ။

ဒီတပတ်က ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ရက်သတ္တပတ် တခုပါ။ ကျွန်တော်တို့က အသင်းကြီး ၃သင်းနဲ့ ကစားရမှာ ဖြစ်လို့ ဒီတပတ်ဟာ တကယ်ကို ပင်ပန်းမယ့် ရက်သတ္တပတ်ပါပဲ။ ဒါပေမယ့် ခင်ဗျားက အသင်းကြီး တသင်းမှာ ကစားနေပြီ ဆိုရင်တော့ ဒီလိုမျိုး အခိုက်အတန့်တွေမှာ ပါဝင်ရတတ်ပါတယ်။

ကျွန်တော်တို့က အခု ရောက်နေတဲ့ အဆင့်မှာ မနေချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က နောက်ထပ် အချိန်တွေ ဖြုန်းနေလို့ မရပါဘူး။ ပြီးတော့ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် အမှားတွေ ထပ်လုပ်လို့ မရတော့ပါဘူး” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ဒီနေ့ စနေနေ့ ညနေ ၆ နာရီ၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။