ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ လက်မလျှော့သေးတဲ့ မန်စီးတီးက အီတီဟက်မှာ လီဗာပူးကို ဘယ်လို ကြိတ်ခဲ့လဲ

မနေ့ညက အီတီဟက် ကွင်းမှာ ပရီးမီးယားလိဂ် ပွဲအဖြစ် စောစော ယှဉ်ပြိုင်တဲ့ မန်စီးတီးနဲ့ လီဗာပူးပွဲကတော့ ၄-၁ ဆိုတဲ့ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။

စီးတီး တိုက်စစ်မှုး ဟာလန်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို ဖိုဒန်လည်း မပါနိုင်တဲ့ ဒီပွဲမှာ တိုက်စစ်ကို မာရက်ဇ်နဲ့ ဂရီလစ်တို့ ဦးဆောင်ခဲ့တာဖြစ်ပြီး ဒီဘရိုင်း၊ ဂွမ်ဒိုဂန်တို့ဖြင့် ဂွာဒီယိုလာက လူစုံထုတ်ခဲ့ပါတယ်။ လီဗာပူးအသင်းကလည်း နူးညက်စ်အစား ဂျိုတာကို ထုတ်သုံးတာကလွဲလို့ လူစုံခဲ့ပါတယ်။

ပထမပိုင်း အစမှာ မန်စီးတီးက အတော်လေး ပွဲကို ချုပ်ကိုင်ကစားခဲ့ကာ ကွင်းတစ်ဝက်ကို ကျော်တဲ့ထိ ဖိထားခဲ့တာမို့ လီဗာပူးဘက်က အာရုံစိုက် ခုခံနေခဲ့ရတယ်။ ဒါပေမယ့် အဖွင့်ဂိုးကို ထရန့်ရဲ့ ဖန်တီးပေးမှုကနေ ဂျိုတာက စီးတီးရဲ့ ခံစစ်ကို ဖောက်ထွက်ပြီး ဧရိယာထဲမှာ ဆာလာ ပိတ်သွင်းနိုင်ဖို့ ခင်းပေးခဲ့ရာကနေ လီဗာပူးတို့ ဦးဆောင်ဂိုး စခဲ့ရပါတယ်။

မန်စီးတီးဘက်က ခြေပဂိုးရဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမယ့် အရမ်းတော့ မခက်ခဲခဲ့ပါဘူး။ ဂရီလစ် ပထမပိုင်းမှာ သိပ်ကောင်းနေခဲ့သလို သူ့ရဲ့ ဖန်တီးပေးမှုကနေ အဲဗာရက်စ်က ခြေပဂိုး ရယူပေးပါတယ်။

ပထမပိုင်းအတွင်း ရိုဒရီ အနီကဒ် မရခဲ့တာကတော့ မန်စီးတီးတို့ ကံကောင်းခဲ့တာဖြစ်ပြီး လီဗာပူးဘက်က ဂက်ပိုကို နောက်က တွန်းလဲှခဲ့တဲ့ ဖြစ်ရပ်ကို နှစ်ဝါ တစ်နီ မပေးတဲ့ ကွင်းလယ်ဒိုင်ကို အတော်လေး ပေါက်ကွဲခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ နှစ်သင်းလုံးက သတိကြီး ကစားမှုနဲ့အတူ ပထမပိုင်း အပြီးမှာ ၁-၁ ရလဒ် ထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အစမှာတင် စီးတီးရဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုကတစ်ဆင့် လျော့ရဲစွာ ကစားနေတဲ့ လီဗာပူးခံစစ်တို့ အထိနာခဲ့ပြီး ဒီဘရိုင်းက ဦးဆောင်ဂိုး စယူခဲ့တယ်။ ဂွမ်ဒိုဂန်နဲ့ ဂရီလစ်တို့ကလည်း သိပ်မခက်ခဲတဲ့ ပုံစံတွေနဲ့ နောက်ထပ် သွင်းဂိုး ကိုယ်စီ ရယူခဲ့ကာ လီဗာပူးကို ကောင်းကောင်းကြီး စိတ်ဒုက္ခပေးခဲ့ပါတယ်။

လက်ကျန် မိနစ်တွေမှာ မန်စီးတီးက ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ထပ်လုပ်ခဲ့ပြီး အယ်လီဆန်နဲ့ ခံစစ်က ကာကွယ်နိုင်ကြောင့် ဂိုးတွေ ထပ်မပေးခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က လီဗာပူး ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်တို့ကို ဆက်လက်ဖိအားပေးခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ လက်မလျှော့သေးဘူးလို့ ပြသခဲ့ပါတယ်။