စီးတီးနဲ့ ပွဲမှာ ပင်နယ်တီ ရအောင် ဒိုင်ဗင်ပစ်ခဲ့တဲ့ လီဗာပူး ကစားသမားအား ဘောလုံးပရိသတ်တွေ ဝေဖန်နေ
လီဗာပူး တိုက်စစ်သမား ကိုဒီ ဂတ်ပိုဟာ မနေ့ညက မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ရရှိအောင် ကြိုးပမ်းရာမှာ ဒိုင်ဗင်ထိုးတာ သိသာခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
စနေနေ့ညနေက ယာဂန် ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ မန်ချက်စတာစီးတီးရဲ့ ဆုဖလားမျှော်လင့်ချက်ကို မှေးမှိန်အောင် လုပ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အီတီဟတ်ကို လာရောက်ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း ၁၇ မိနစ်မှာ မိုဟာမက် ဆာလားက ဧည့်သည် လီဗာပူး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးက နောက်ထပ် ၁၀ မိနစ်အကြာမှာ ဂျူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူး ဟာ ဒုတိယပိုင်းမှာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး မန်ချက်စတာစီးတီးက ဒီဘရိုင်းနား၊ ဂန်ဒိုဝမ်၊ ဂရီးလစ်ရှ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၁ နဲ့ သက်တောင့်သက်သာ နိုင်ပွဲကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူး ရဲ့ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ကိုဒီ ဂတ်ပို ဟာ ပွဲချိန် ၅၉ မိနစ်၊ လီဗာပူး ၃-၁ နဲ့ ရှုံးနိမ့်နေချိန်မှာ ပင်နယ်တီ ရရှိဖို့ သိသိသာသာ ဒိုင်ဗင် ထိုးခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
နယ်သာလန် ကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးနောက်ခံလူ အကန်းဂျိရဲ့ ပင်နယ်တီဧရိယာထဲက အမှားကို အခွင့်ကောင်း ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး နေသန် အာကီက ၎င်းကို ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ဂတ်ပို က ပင်နယ်တီရရှိအောင် လှဲချနိုင်မယ့် အခွင့်အရေးကို ရယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက ဂတ်ပိုရဲ့ ပင်နယ်တီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက လီဗာပူးလ်တိုက်စစ်မှူးရဲ့ စိတ်ပျက်ဖွယ် ဒိုင်ဗင်ကို ပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “ဂတ်ပို ရဲ့ ဒိုင်ဗင်ထိုးမှုကို ထောင့်ပေါင်းစုံကနေ ပြသသင့်တယ်။ အလိမ်အညာကောင်”လို့ ဝေဖန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကျေးဇူးပြုပြီး ဘာကြောင့် ဆိုးရွားလွန်းတဲ့ ဒိုင်ဗင်အတွက် ဂတ်ပို က ဘာကြောင့် အဝါကတ် ပြမခံရတာလဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။