လူမှားဆွဲပြီး အောင်ပွဲခံမိတဲ့ အပေါ် စိတ်မကောင်း စကား ပြောလာတဲ့ စီးတီးနည်းပြ ဂွာဒီယိုလာ

မနေ့က အီတီဟက်ကွင်းမှာ မန်စီးတီးက လီဗာပူးကို အနိုင်ရတဲ့ပွဲအတွင်း သွင်းဂိုးအတွက် အောင်ပွဲခံရာမှာ ပြိုင်ဘက်ကို မလေးစားတဲ့ ဖြစ်ရပ်အတွက် ဂွာဒီယိုလာက တောင်းပန်စကား ပြောခဲ့ပါတယ်။

ဆာလာရဲ့ အဖွင့်ဂိုးကို စီးတီး တိုက်စစ်သမား အဲဗာရက်ဇ်က ခြေပဂိုး သွင်းယူခဲ့ချိန်မှာ ဂွာဒီယိုလာက အောင်ပွဲခံခဲ့တာပါ။ ဒါပေမယ့် သူဟာ စီးတီးနည်းပြအဖွဲ့တွေ ကစားသမားတွေနဲ့ အောင်ပွဲမခံဘဲ လီဗာပူး ကစားသမားတွေဖြစ်တဲ့ ကိုစတက်နဲ့ အာသာတို့ကို အတင်း လက်ဆွဲပြီး အတူ အောင်ပွဲခံဖို့ လုပ်ခဲ့မိတာ ဖြစ်ပါတယ်။

ပြိုင်ဘက်ကို လေးစားမှုမရှိတဲ့ ဖြစ်ရပ်လို့ ပွဲအပြီးမှာ သတင်းထောက်တွေက ထောက်ပြခဲ့ကြပြီး ဂွာဒီယိုလာက သူ အပျော်လွန်းသွားခဲ့တာလို့ တုန့်ပြန်ခဲ့ပါတယ်။

ဂွာဒီယိုလာက “ ဘယ်လောက်တောင် ကောင်းတဲ့ ဂိုးလဲကွာဆိုပြီး ကျနော် ပျော်ရွှင်မိတာပါ။ ဒါပါပဲ” လို့ တုန့်ပြန်တယ်။ တကယ်ပဲ ရိုးရိုး ပျော်ရွှင်ခဲ့တာလားလို့ သတင်းထောက်က ထပ်မေးရာမှာ “အား သေချာတာပေါ့ဗျာ ခင်ဗျားတို့ကလဲ” ဆိုကာ ဖြေဆိုသွားခဲ့တယ်။

အခြားသော သတင်းထောက်က ကိုယ့်အသင်း ဂိုးရပြီး အနိုင်ရလဒ် ရနေချိန် ပြိုင်ဘက် ကစားသမားကို အတူ အောင်ပွဲခံဖို့ သွားဆွတာဟာ မလေးစားတဲ့ အပြုအမှု ဖြစ်မနေဘူးလို့ ဂွာဒီယိုလာကို မေးခွန်းထုတ်ခဲ့တယ်။

မန်စီးတီးနည်းပြက “ ကျနော် စိတ်မကောင်းပါဘူး။ ဆီမီးကတ်စ်နဲ့ စကားပြောတာ၊ အာသာနဲ့ စကားပြောတာက မလေးစားမှု ဖြစ်ခဲ့တာလား။ ကျနော် မလေးစားဖြစ်သွားလား သူတို့ကို မေးကြည့်ပါ။ ကျနော်က သွင်းဂိုးအတွက် အောင်ပွဲခံခဲ့တာပါ။

ကျနော်က ဂိုးက သိပ်ကောင်းတာပဲလို့ အောင်ပွဲခံခဲ့တာပါ။ ကျနော် တကယ် စိတ်မကောင်းပါဘူး။ ကျနော် လုပ်ရပ်က မလေးစားမှု ဖြစ်သွားတာလား? အိုကေပါ ကျနော် စိတ်မကောင်းပါဘူး ” လို့ တောင်းပန် သွားခဲ့တယ်။

မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ဇယားထိပ် က အာဆင်နယ်ကို ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။