ပစ်မှတ်ထားနေတဲ့ မန်စီးတီး ကစားသမား ၂ဦးထဲက တစ်ဦးကိုပဲ ခေါ်ဖို့ ဘာစီလိုနာ ရွေးချယ်လိုက်ပါပြီ

လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းဟာ မန်စီးတီး ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဂန်ဒိုဂန် နှစ်ယောက်လုံးကို ချိန်ရွယ်နေရာက တစ်ဦးကို ရွေးချယ်ခဲ့ပြီ ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားကို ပေါင်သန်း ၆၀ ဖြင့်ခေါ်ယူရန် ကြိုးပမ်းမှုကို ဘာစီလိုနာက စွန့်လွှတ်ပြီး နောက် ဂန်ဒိုဂန်အား လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘာစီလိုနာက ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန် ကာလရှည်ကြာစွာ ချိတ်ဆက် ကမ်းလှမ်းခဲ့ကြပေမယ့် မန်စီးတီး အသင်း တောင်းဆိုနိုင်ဖွယ်ရှိတဲ့ ပေါင်သန်း ၆၀ ကိုပေးချေရန် မလိုလားခဲ့တာကြောင့် အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် ဂန်ဒိုဂန် ကို အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂန်ဒိုဂန်ဟာ ရာသီကုန်မှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အဆိုပါဂျာမန်သားက မန်စီးတီးက နေပြောင်းရွှေ့မယ့်သူ့ရဲအစီအစဉ်တွေကို မကြာခင်မှာ ဆုံးဖြတ်ချက်ချမယ်လို့ ကတိပေးခဲ့ပါတယ်။

ဂန်ဒိုဂန် ဟာ မန်ချက်စတာမှာ ပျော်ရွှင်နေပြီး မန်စီးတီးကလည်း သူ့ကို ဆက်နေစေချင်ပေမယ့် တစ်နှစ်စာချုပ်နဲ့သာ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်း က ကစားသမားရဲ့ ကိုယ်စားလှယ်တွေကို နှစ်ဆစာချုပ်နဲ့ကမ်းလှမ်းထားပြီး နူးကမ့်ကို ခေါ်သွားဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို အသိပေးထားပြီးဖြစ်ပါတယ်။

ဂန်ဒိုဂန်သည် စနေနေ့က လီဗာပူးကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ယခုရာသီ ပဉ္စမမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဂျာမန်ကြယ်ပွင့်သည် ၂၀၁၆ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားပေးထားသည်အပြင် နည်းပြ ဂွါဒီယိုလာ လက်ထက်မှာ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဖာနန်ဒင်ဟို ထွက်ခွာသွားပြီးနောက် ဂန်ဒိုဂန်အား မန်စီးတီးအသင်းဖော်များက လက်ရှိဘောလုံးရာသီအတွက် အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့ကြပြီး ဂန်ဒိုဂန် က မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ်ဖလား လေးကြိမ်နှင့် အက်ဖ်အေ ဖလားတို့ကို ရရှိထားခဲ့ပါတယ်။