ချန်ပီယံ လုပွဲမှာ အာဆင်နယ်က မန်စီးတီးထက် အားသာနေတဲ့ အချက် ရှိကြောင်း ပက် ထောက်ပြ
ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ အာဆင်နယ်အသင်း မန်စီးတီးအသင်းထက် အားသာချက်ရ အသာစီးရနေတဲ့ အချက်ကို မန်စီးတီး နည်းပြဖြစ်သူ ဂွာဒီယိုလာက ထုတ်ဖော်လိုက်ပါတယ်။
ဒီရာသီမှာ အာတီတာနဲ့ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်နေတဲ့အဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာသီကုန်ဆုံးဖို့ ၉ ပွဲ၊ ၁၀ ပွဲခန့်သာ လိုအပ်တော့တဲ့အချိန်မှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းထက် တပွဲပိုကစားပြီး ရမှတ် ၈ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာကြောင့် နည်းပြ ဂွာဒီယိုလာနဲ့ စီတီဇင်တွေအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ ရသလောက် အမှတ်စုဆောင်းနေပြီး အမီလိုက်ကြရဖို့ ရှိနေပါတယ်။
ဒါပေမဲ့လည်း အာဆင်နယ်အသင်းဟာ တစ်ပတ် တစ်ပွဲသာ အာရုံစိုက် ကစားနေရတဲ့ အသင်း ဖြစ်လို့ ရမှတ်လျော့နိုင်ခြေ သိပ်မရှိဘူးလို့ ထင်မြင်မိကြောင်း ဂွာဒီယိုလာက အကျိုးအကြောင်းနဲ့ ပြောဆိုလာတာ ဖြစ်ပါတယ်။
“ကျွန်တော့်အသင်းက အတွေ့အကြုံပိုရှိတာကြောင့် ဒီခရီးလမ်းမှာ သာလိမ့်မယ်လို့ မထင်ပါဘူး။ ကျွန်တော် မယုံဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကစားပွဲ အဆုံးသတ်ချိန်ဖြစ်တယ်။
ကိုယ်လုပ်စရာရှိတာကိုပဲ ရအောင် လုပ်ရတော့မဲ့အချိန် ဖြစ်တယ်။ လုပ်စရာရှိတာပဲ လုပ်ရမှာ၊ ကစားစရာရှိတာပဲ ကစားရမှာပါ။ အတွေ့အကြုံတွေဘာတွေနဲ့ သိပ်မဆိုင်လှပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ငါက အတွေ့အကြုံ ရှိထားတာကြောင့် ဒီပွဲနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမျှ မတွေးဖူးပါဘူး။”
“ဒါပေမဲ့ အာဆင်နယ်ရဲ့ တည်ငြိမ်မှုကတော့ ကြောက်စရာပါပဲ။ ဒီအသင်းဟာ တပတ်မှာ တပွဲပဲ ကစားရတဲ့အသင်း ဖြစ်တယ်။ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ထားရတဲ့အသင်း ဖြစ်တယ်။ ဆိုတော့ အပတ်စဉ်တိုင်းမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ဒီပြိုင်ပွဲအတွက်ပဲ အကောင်းဆုံး ပြင်ဆင်နေနိုင်ပါတယ်။”
“အာဆင်နယ်အသင်း အမှတ်အများကြီး လျော့လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေက လီဗာပူးလ်နဲ့ ပြိုင်ခဲ့ရသလိုပဲ ခံစားမိပါတယ်။ သူတို့လည်း အမှတ်တွေ လျော့မသွားဘူး။ ကျွန်တော်တို့လည်း မလျော့သွားဘူး။ အခုချိန်ဟာ အဲဒီလို အခြေအနေမျိုးပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။