တခါမှ အထုတ်မခံရဖူးတဲ့ နည်းပြ ပက် ဂွါဒီယိုလာ က သူ့ လျှို့ဝှက်ချက်ကို ထုတ်ပြောလာ

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာ ကတော့ ၎င်းရဲ့ နည်းပြ ဘဝသက်တမ်း တလျှောက် ဘယ်တုန်းကမှ အထုတ် မခံခဲ့ရတာ ဘာကြောင့်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဆောက်သမ်တန်နဲ့ ပွဲ မတိုင်ခင်မှာ ဘာကြောင့် နည်းပြအဖြစ်ကနေ တစ်ခါမှ ထုတ်ပယ် မခံခဲ့ ရတာလဲဆိုတာကို မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“ခင်ဗျားကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရခဲ့တယ်။ ကျွန်တော်တို့သာ ပွဲစဉ်တွေကို အနိုင် မရရင် ကျွန်တော် အထုတ်ခံရပါလိမ့်မယ်။ ကျွန်တော့် ဆံပင်က ကျန်တဲ့လူတွေထက် ပိုကောင်းနေလို့မဟုတ်ပါဘူး။ ကျွန်တော် အထုတ်မခံရတာ ပွဲတွေအများကြီး အနိုင်ရရှိခဲ့လို့ပါ” လို့ ပေါ့ပေါ့ပါးပါးပဲ ဆိုခဲ့တာပါ။

ဂွါဒီယိုလာက ဆက်လက်ပြီး အညှာအတာမဲ့စွာ ထုတ်ပယ်မှုတွေရဲ့ နောက်ကွယ်မှာ အသင်းတွေကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာက အဓိက အချက်ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ဒီနိုင်ငံမှာ ကျွန်တော် ငယ်ငယ်တုန်းက နည်းပြတွေကို ထိန်းသိမ်းထားတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ဒီနေ့ ဖြစ်နေတာ တွေက ရင်းနှီးမြှုပ်နှံမှုအများအပြားနဲ့အတူ အားလုံးအတွက် ဖိအားတွေအများကြီးရှိနေတယ်။ တစ်ခါတလေမှာ အဲဒါက အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ မဖြစ်ဘူး။ ခင်ဗျား အဲဒါကို အသားကျအောင် လုပ်ရမှာပဲ ။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် နည်းပြဟာ ၎င်းရဲ့ ဂန္တဝင်ဆန်တဲ့ နည်းပြဘဝသက်တမ်းတလျှောက်မှာ ကြီးမားတဲ့ အောင်မြင်မှု တွေ ရရှိခဲ့သူဖြစ်ပြီး ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကို ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် ဦးဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။