ဟာလန်းနဲ့ ကန်မှာ မဟုတ်ဘူး၊ မန်စီးတီးနဲ့ ကန်မှာ လို့ ပွဲကြိုစကား ဆိုလာတဲ့ ဘိုင်ယန် ကွင်းလယ်လူ

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂိုရက်ဇ်ကာ က ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ ရင်ဆိုင်ရတော့မယ့် မန်စီးတီးနဲ့ ပွဲ အတွက် သူ့ သဘောထားကို ခုလို ထုတ်ဖော် ပြောဆိုလာပါတယ်။

“စီးတီးဆိုတာ ကျွန်တော်တို့ ရနိုင်သမျှထဲ အခက်ခဲဆုံး မဲခွဲရလဒ်ပါ။ စီးတီးကလဲ ကျွန်တော်တို့ကိူ အဲ့လိုပဲ တွေးမယ် ထင်ပါတယ်။ ဗိုလ်လုပွဲသာဆို ဒါက ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ။ အခု ကျွန်တော်တို့က ကွာတားဖိုင်နယ် ကစားနေရတယ်။ ဒီအတွက် ဘိုင်ယန်က အဆင်သင့်ဖြစ်နေပါလိမ့်မယ်” လို့ ဂိုရက်ဇ်ကာက ဆိုပါတယ်။

ဘိုင်ယန်ရဲ့ အဓိကစိုးရိမ်စရာက ပြီးခဲ့တဲ့အဆင့်မှာ လိုက်ပ်ဇစ်ကို ၅ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟာလန်း ဖြစ်မှာပါ။
ဂိုရက်ဇ်ကာက သူ့အနေနဲ့ ဟာလန်းဆီကနေ တခုခု သင်ယူလို့ရနိုင်တယ်လို့ ဟာသပြောဆိုခဲ့ပါတယ်။

“ဂိုးတွေပိုသွင်းနိူင်အောင် တည်ကန်ဘောတွေမှာ ဘယ်နေရာ နေရမလဲဆိုတာကို ကျွန်တော် ဟာလန်းဆီကနေ သင်ယူနိူင်တယ်လို့ တွေးမိခဲ့ပါတယ်။ သူ့ဖိနပ်မှာ သံလိုက်တွေဘာတွေများ ရှိလားမသိဘူး။ သူ့ရဲ့ ဂိုးအာရုံခံနိူင်စွမ်းက မယုံနိုင်စရာပါပဲ” လို့ ဂိုရက်ဇ်ကာက စနောက်ခဲ့ပြီးတဲ့နောက် အတည်အတံ့စကားကိုလည်း ခုဆို ဆက်လက် ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့က ဟာလန်းနဲ့ ရင်ဆိုင်ကစားရတာမဟုတ်ပါဘူး။ မန်စီးတီးနဲ့ ရင်ဆိုင်နေရတာပါ။ ဘိုင်ယန် Vs မန်စီးတီး ပါ။ ချန်ပီယံလိဂ်ရှုံးထွက်ပွဲတွေကို ကျွန်တော်တို့အားလုံး ကြိုက်ကြတယ်။ ဒီလိုထူးခြားတဲ့နေ့ကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်” လို့ ၎င်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ မနက်ဖြန် အင်္ဂါနေ့ည မှာ ဘိုင်ယန်မြူးနစ်ကို ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။