မန်စီးတီး ဒီရာသီ ဥရောပ ချန်ပီယံ ဖြစ်နိုင်ပြီ လို့ အခိုင်အမာ ရှင်းပြ ပြောဆိုလာတဲ့ အိုဝင်ဟားဂရေ့ဗ်
မန်စီးတီးအသင်းရဲ့ ဒီအပတ် ဘိုင်ယန်ကို ဂိုးပြတ်နိုင်တဲ့ ပွဲက ခြေစွမ်းကို မြင်တွေ့လိုက်ရပြီးနောက် အိုဝင် ဟားဂရေ့ဗ်ကတော့ စီးတီး ဥရောပ ချန်ပီယံ ဖြစ်နိုင်ပြီ လို့ ယုံကြည်စွာ ဆိုခဲ့ပါတယ်။
စီးတီးဟာ နောက်တပတ် မြူးနစ်မှာ ကစားမယ့် ဒုတိယအကျော့မတိုင်ခင် ၃-၀ နဲ့ ဂိုးပြတ် နိုင်ပြီး ကြီးကြီးမားမား အသာစီး ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးရဲ့ ခံစစ်ပိုင်း ကျစ်လစ်မှုဟာ ဆာနေးတို့ရဲ့ ခြိမ်းခြောက်မှု အကြိမ် များစွာကို ထိန်းချုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

အီတီဟက်က နိုင်ပွဲအပြီးမှာ ဟားဂရေဗ့်က “ ဒီလိုနည်းနဲ့ပဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲ နိုင်တာပါ။ ခံစစ်ပိုင်းမှာ လုံးဝ မတူညီတဲ့ စီးတီးဖြစ်ခဲ့ပြီး အပြစ်ပြောစရာ မရှိအောင်ပါပဲ ” ဆိုပြီး ၎င်းတို့ရဲ့ ခံစစ်ကစားပုံကို အဓိက ချီးကျူးစကား ဆိုခဲ့တာပါ။
ဂွာဒီယိုလာဟာ မကြာသေးမီက စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာ စတုန်းစ်ကို ကွင်းလယ်ပို့တဲ့ နည်းစနစ်ကို စမ်းသပ်နေခဲ့ပါတယ်။ ခံစစ်ရော တိုက်စစ်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ မြင်တွေ့ခဲ့ရတဲ့ အဆိုပါ နည်းဗျူဟာ ကို ရှာတွေ့ခြင်းအတွက် ဂွာဒီယိုလာကို ဟားဂရေ့ဗ်က ချီးကျူးခဲ့ပါတယ်။
“ ပက်ကို ချီးကျူးရမယ်။ သူတို့ရဲ့ ခုခံကာကွယ်ပုံ နည်းလမ်းက မိုက်တယ်။ false nine သုံးတာထက် အခု ပိုပြီးတော့ ကွင်းလယ်မှာ အားပိုများသွားစေတယ်။ ဒါပေမယ့် အကီ၊ အကန်ဂျီတို့နဲ့ပဲ ခံစစ်ကို ကိုင်တွယ်လို့ရပါတယ်။ ဖြေရှင်းချက်တွေ ရှာတဲ့နေရာမှာ ပက်က အရမ်းတော်တာပဲ။
အကန်ဂျီနဲ့ အကီတို့က အရမ်းကို ယုံကြည်လောက်စရာ ကောင်းခဲ့တယ်။ သူတို့က ကန်ဆယ်လို၊ ဇင်ချန်ကိုတို့ထက် ယုံကြည်မှုတွေရှိပြီး သူတို့ကြောင့် ကွင်းထဲမှာ တခြားအသင်းဖော်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရစေတယ်။
မန်စီးတီး နောက်တန်းလေးယောက်က ထူးခြားကောင်းမွန်နေခဲ့တာပါ။ ဒီနေ့မှာ စီးတီးဟာ ခံစစ်ကောင်းမွန်ခြင်းရဲ့ အကျိုးရလဒ်ကို ခံစားခဲ့ရတာပါ။ ဒါက အရေးပါတဲ့ အနုစိတ်လက်ရာ တစ်ခုပါပဲ ” လို့ ဟားဂရေဗ့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
