ဟာလန်းကို လူစားလဲပြီး အနားပေးရခြင်းနဲ့ ဘယ်လင်ဟမ် ခေါ်ယူရေး ကိစ္စတွေကို ဂွာဒီယိုလာ ထုတ်ပြော

မန်စီးတီးဟာ ရာသီကုန်တဲ့အထိ ဟာလန်းကို ကြံ့ခိုင်မှု ပြည့်ဝအောင် ထိန်းသိမ်းထားဖို့အတွက် တိုက်စစ်သမားကို တစ်နေ့တာရဲ့ ၂၄ နာရီပတ်လုံး စောင့်ကြည့်ထားပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားအတွက် ကြိုးပမ်းနေဆဲဖြစ်တာပါ။ ပက်ဂွာဒီယိုလာဟာ ဟာလန်းကို အချိန်ပြည့် အသင့်သုံးလို့ရအောင်လို့ ၄၅ဂိုး သွင်းထားတဲ့ တိုက်စစ်မှူးကို ပိုးမွေးသလို တယုတယ မွေးထားရတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ သူ့ကို ၂၄နာရီလုံး ဂရုစိုက်ပေးတယ်။ ကျွန်တော်တို့မှာ သိပ်တော်တဲ့ ဆရာဝန်တွေ၊ ကုထုံးဆရာတွေရှိတယ်။ သူတို့က နေ့တိုင်းရဲ့ စက္ကန့်တိုင်းမှာ ဟာလန်းရဲ့ အနောက်မှာ ရှိနေတာပါ။

ကစားသမားတွေအတွက် ပိုက်ဆံတွေ အများကြီး သုံးထားပြီးမှ သူတို့ကို ဘာကြောင့် ပစ်ထားလဲဆိုတာ နားလည်ရခက်တယ်။ တခြားကလပ်တွေ ဘာလုပ်ကြလဲတော့ မသိပါဘူး။ ဒီနေ့တွေလို ၃-၄ ရက်တိုင်း ပွဲကစားနေရတဲ့ တောင်းဆိုမှုများတဲ့ အချိန်ဇယားတွေကြောင့် ကစားသမားတွေကို သေချာဂရုစိုက်ဖို့ လိုပါတယ်။

တခါတလေ သူတို့က ၁၀မိနစ်၊ ၁၅မိနစ်ထက်ပိုပြီး မလေ့ကျင့်နိုင်ဘူး။ လိုက်ပ်ဇစ်နဲ့ပွဲမှာ ဟာလန်းက ဂိုးတွေအားလုံး သွင်းတော့မယ့်ဟာကို ဘာကြောင့် လူစားလဲလိုက်တာ ဆိုပြီး လူတွေက မေးကြတယ်။ ဒါပေမယ့် အဲ့ဒီ့နောက် ဘန်လေနဲ့ပွဲမှာ သူ ဒဏ်ရာရသွားပြီးတော့ လီဗာပူးနဲ့ပွဲကို မကစားနိုင်ဘူးဖြစ်သွားတယ်လေ။

သူက ကွင်းထဲမှာထက်ကို လေ့ကျင့်ရေးစင်တာထဲမှာ အများကြီးအချိန်ပေးပြီး ကြိုးစားလေ့ကျင့်တယ်။ ဒီနေ့ခတ်ဘောလုံးလောကမှာ ကစားသမားတွေက ကွင်းထဲမှာထက် နောက်ကွယ်မှာ ပိုပြီး လေ့ကျင့်ကြတယ် ” လို့ ဂွာဒီယိုလာက ပြောပါတယ်။

မကြာခင်မှာ ဟာလန်းရဲ့ အသင်းဖော် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ဥရောပ ကလပ်တွေ အပြိုင်အဆိုင် ကြိုးစားကြတော့မှာပါ။ လီဗာပူးဟာ အင်္ဂလန်ကွင်းလယ်လူကို ခေါ်ယူဖို့ ပြိုင်ပွဲထဲကနေ ထွက်သွားခဲ့တာကြောင့် စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့သာ ကျန်ရှိတော့တာပါ။

ဘယ်လင်ဟမ်ကိုခေါ်ဖို့ စီးတီးက ကြိုးစားမှာလားလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက
“ဒါမျိုးတွေ မေးနေတာ ဘယ်နှပွဲရှိပြီလဲ။ အဖြေကို ခင်ဗျားတို့ သိပါတယ်။ ခင်ဗျားတို့ မေးခွန်းတွေကို ကောင်းကောင်း ပြင်ဆင်ထားသင့်တယ် ” လို့ ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။