လက်စတာနဲ့ ပွဲမှာ လိုအပ်တဲ့ အနိုင်ရလဒ်ကို ပါးပါးနပ်နပ် ဖော်ဆောင် ကစားသွားတဲ့ မန်ချက်စတာ စီးတီး

မန်ချက်စတာစီးတီး က မနေ့ညက အီတီဟက်မှာ လက်စတာ အသင်းကို ဧည့်ခံ ကစားရာ သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်၊ လာပေါ့တ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဝေါလ်ကာ၊ မာရက်ဇ်နဲ့ ဂရီးလစ်ရှ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ ဦးဆောင်ခိုင်းခဲ့တဲ့ ၃-၂-၄-၁ ပုံစံပဲ ဆက်ထိန်းထားလာခဲ့ပါတယ်။
မန်စီးတီး က ဒီနေ့ပွဲမှာ လူကောင်းတွေ များများပွဲထုတ်ပြီး ပွဲအဖြေကို မြန်မြန်ရေးနိုင်ဖို့ ကြိုးစားလာခဲ့ကြတာဖြစ်သလို လိုအပ်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်တာနဲ့ အမြန်ဆုံး အင်အားချွေတာသွားဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး ဆုဖလားလမ်းကြောင်း သုံးခုပေါ်မှာ ရှိနေသေးတဲ့ အသင်းအတွက် အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် ၅ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မာရက်ဇ်ကြောင့် ရတဲ့ ညာထောင့်ကန်ဘောကို လက်စတာတို့ ရှင်းထုတ်ဖို့ ကြိုးစားရင်း မအောင်မြင်ဘဲ ဧရိယာထဲမှာ ပြန်ကျလာတဲ့ ဘောလုံးကို နောက်ခံလူ ဂျွန်စတုန်းစ်က ကြုံသလို အနေအထားကနေ ဘယ်ခြေနဲ့ မြေမကျ ကန်သွင်းယူခဲ့ရာမှာ အားလုံးပဲ အငိုက်မိပြီး ခံလိုက်ရတာပါ။
ပွဲချိန် ၁၃ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဂရီးလစ်ရှ်ရဲ့ ဖြတ်တင်မှုကို တားဆီးရင်း မြှောက်ထားတဲ့ လက်နဲ့ထိခဲ့တဲ့ အန်ဒီဒီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းက ညာဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား အီဗာဆန် ခန့်မှန်းမှု မှန်ခဲ့ပေမယ့် နောက်ကျ နေခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။
ပွဲချိန် ၂၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လက်စတာတို့ရဲ့ အဆင့်ဆင့် ပိတ်ဆို့မှုကို ကျော်ဖြတ်သွားနိုင်ခဲ့တဲ့ ဒီဘရိုင်းနားက ဧရိယာထဲကို ခင်းပေးရာမှာ ဟားလန်း ထွက်လာတဲ့ ဂိုးသမားပေါ်ကနေ အသာလေး ကျော်ကန်ပြီး ရယူသွားခဲ့တာပါ။
ပထမပိုင်းမှာတော့ မန်စီးတီးတို့က လက်စတာတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်းအစမှာတော့ ဂျွန်စတုန်းစ်နဲ့ ဟားလန်းတို့ကို အနားပေးပြီး အာကန်ဂျီနဲ့ အယ်လ်ဗာရက်ဇ်တို့ကို လဲကစားသွားခဲ့သလို လက်စတာ တို့ကတော့ ဗာဒီနဲ့ ခရစ္စတီယန်ဆန်တို့အစား အီဟန်နာချိုနဲ့ သောမတ်စ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မန်စီးတီးတို့ရဲ့ ကစားပုံက အင်တိုက်အားတိုက်တော့ သိပ်မရှိလှဘဲ ပွဲကို ထိန်းပြီး ကစားသွားခဲ့ပါတယ်။ အဲဒီနောက် စီးတီးက ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဂရီးလစ်ရှ်တို့အစား ကယ်လ်ဗင် ဖိလစ်၊ ပါးလ်မားနဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို ထပ်ပြီး လဲကစားခဲ့တာပါ။
ပွဲချိန် ၇၅ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဒီဆန်ရဲ့ ညာထောင့်ကန်ဘောကနေ အရပ်အရှည်ဆုံး ကစားသမား ဆောက်တာရဲ့ ခေါင်းတိုက်ချက်ကို အီဒါဆန် မကာကွယ်နိုင်ဘဲ ပုတ်ထုတ်ရာက ပြန်ကျလာတာကို အနားမှာ ရှိနေတဲ့ အီဟန်နာချိုက ပိတ်သွင်းပြီး အသင်းဟောင်းကို ထိုးနှက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က လိုအပ်တဲ့ အနိုင် ၃ မှတ်ကို ရယူပြီး အာဆင်နယ်ကို ဆက်လက် ဖိအားပေးနေပါတယ်။ ဒီနိုင်ပွဲမှာ အဖိုးတန်တာကတော့ အသင်း လူအင်အားကို ချွေတာပြီး ဂုဏ်သိက္ခာတွေ ထပ်မံမြှင့်တင်ဖို့ အဆင်သင့်ပဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။