စီးတီး အသင်းသားဟောင်း ၂ ဦးနဲ့ အတူ ကစားပြီး မန်ချက်စတာမှာ ဝုန်းဒိုင်းကြဲချင်သေးတဲ့ ဟာလန်း

စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်း က ဂွါဒီယိုလာရဲ့ လက်ရှိ အသင်းထဲမှာ သူ အတူတူ တွဲကစားချင်တဲ့ မန်ချက်စတာစီးတီး ကစားသမားဟောင်း ၂ ဦးကို ရွေးချယ်ခဲ့ပါတယ်။

လက်ရှိ မန်ချက်စတာစီးတီး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၂ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့ပြီးနောက် အင်္ဂလန်က ပွဲဦးထွက်ရာသီမှာ အံ့မခန်းဂိုးသွင်းခြေစွမ်းပြသနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စီးတီး အသင်းထဲမှာ ဘယ်မန်စီးတီးကစားသမားဟောင်းကို ရှိစေချင်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဟာလန်းက ခုလို နာမည်ကျော် နှစ်ဦး ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဗင်းဆင့် ကွန်ပနီလို့ ပြောရမယ်ထင်ပါတယ်။ ဂန္တဝင်ကြီးပါ။ နောက်ပြီး ဘာလိုတယ်လီနဲ့ ကစားရတာက ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့လည်း ကျွန်တော် ထင်တယ်။ အဲဒီတော့ ဒီ ၂ ယောက်ထဲက တစ်ယောက် ဘာလိုတယ်လီ ဒါမှမဟုတ် ကွန်ပနီဆိုရင် တကယ်ကောင်းမွန်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ အဖြေကို မန်စီးတီး ပရိသတ်တွေကတော့ အကြိုက်တွေ့နေကြပြီး လူမှု ကွန်ယက်ကနေ အခု လို ထောက်ခံ အားပေးနေကြပါတယ်။

“ဟားဟား။ အာလင်းနဲ့ မာရီယိုကို တိုက်စစ်မှာ မြင်ချင်လိုက်တာ”လို့ ပရိသတ် တစ်ဦးက ဆိုခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ဟာလန်းနဲ့ ဘာလိုတယ်လီကို တူညီတဲ့အသင်းထဲက တိုက်စစ်မှာ မြင်ယောင်ကြည့်လိုက်။ ဝရုန်းသုန်းကားတွေ ဖြစ်နေတော့မှာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိ အချိန်ထိ မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံပွဲ ၄၀ မှာ ၄၇ ဂိုးအထိ ထူးထူးခြားခြား သွင်းယူထားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂၈ ပွဲအတွင်း ၃၂ ဂိုးအထိ သွင်းယူထားတာကြောင့် ရွှေဖိနပ်ဆုပြိုင်ပွဲမှာ ဟာရီ ကိန်းထက် ၉ ဂိုး သာနေတာဖြစ်ပါတယ်။

ဟာလန်းဟာ မတ်လအတွက် မန်ချက်စတာစီးတီးရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နော်ဝေတိုက်စစ်မှူးဟာ မတ်လအတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို မယုံနိုင်စရာ ၅ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။