ပရီးမီးယားလိဂ် ဖိုင်နယ်ပွဲအတွက် အာဆင်နယ်ကို စိန်ခေါ်သွားတဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အာဆင်နယ်ကို ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ဗိုလ်လုပွဲပါလို့ ကင်ပွန်းတပ်လိုက်ပါတယ်။

အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့က ၄ မှတ်ပဲ ကွာတော့တာပါ။ ဒီအပတ်မှာ အာဆင်နယ်က ရမှတ် ထပ်လျော့ခဲ့တာမို့ အီသီဟက်မှာ အာဆင်နယ်ကို ရင်ဆိုင်ကစားရမယ့်ပွဲက နိုင်ကို နိုင်ရမယ့်ပွဲ၊ နိုင်မှကို ဖြစ်မယ့်ပွဲပါလို့ စီးတီးနည်းပြက ထုတ်ပြောလာပါတယ်။

ဂွာဒီယိုလာက ” နိုင်ရမယ်၊ နိုင်ရမယ်၊ နိုင်ရမယ်ကွာ။ အခုချိ်န်ထိ အာဆင်နယ်က မယုံနိုင်လောက်အောင် ရလဒ်တွေ ကောင်းထားတာပါ။ ဒီကရှေ့ သူတို့ အမှတ်တွေ အများကြီး လျော့တော့မယ်လို့ မထင်မိဘူး။

ကိုယ်လုပ်နိုင်တာကို လုပ်ရမှာပဲ။ ဒီနေ့ လက်စတာပွဲကို အနိုင်ရလိုက်တာက ဗိုလ်လုပွဲလို ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်ကို ရင်ဆိုင်ကစားရမယ့် နောက်ထပ် ပရီးမီးယားလိဂ်ပွဲအတွက် အရေးကြီးပါတယ်။

အာဆင်နယ်ပွဲက ဖိုင်နယ်တွေထဲက ဖိုင်နယ်ပွဲလို့ ကျနော် ပြောရလိမ့်မယ်။ ဘာလို့လဲဆိုရင် အဲ့ပွဲကို ရှုံးပြီဆိုတာနဲ့ ဒီရာသီ ပြိုင်ဆိုင်မှုက ပြီးသွားပြီ။ အဲ့လို အနေအထားကို ရောက်လာခဲ့ပါပြီ။

အရင်လတွေတုန်းက ဖြစ်နိုင်ရင် အာဆင်နယ်နဲ့ ခပ်နီးနီးနား ရောက်ဖို့ မျှော်လင့်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ခက်ခဲမယ်ဆိုတာ သိပေမယ့် ဒီအခွင့်အရေးကို ကျနော်တို့ ရချင်ခဲ့တာပါ။

လောလောဆယ်မှာတော့ အာဆင်နယ်ပွဲ မတိုင်ခင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို အရင်ဆုံး ကျော်ဖြတ်ရမှာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီလအကုန် ဧပရယ်လ ၂၇ ရက်မှာတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့မှာဖြစ်ကာ ဒီရာသီရဲ့ အပြင်းထန်ဆုံးသော အမှတ်ပေးပွဲကို ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။